ပေါက်တောတွင် ငွေစက္ကူအတုသုံးစွဲသူ ၅ ဦးကို ဖမ်းဆီးရမိ


ဇွန် ၃၀ ၊ ပေါက်တော

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ကန်ချောင်းကျေးရွာတွင် တစ်သောင်းတန်ငွေစက္ကူအတု သုံးစွဲနေတဲ့သူ ၅ ဦး ကို ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

ငွေစက္ကူအတု လက်ဝယ်ရှိသူများသည် ပေါက်တောမြို့နယ် ကန်ချောင်းကျေးရွာရှိ ဈေးဆိုင်များတွင် တစ်သောင်းတန်ငွေစက္ကူအတုများဖြင့် ဈေးဝယ်နေစဉ်မှာ ပိုင်ရှင်ဖြစ်သူက မသင်္ကာတာကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးကို တိုင်တန်းပြီး ကျေးရွာအုပ်ချုပ်ရေးမှူးက ပေါက်တောမြို့နယ် ရဲစခန်းကို တိုင်တန်းခဲ့တာကြောင့် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ငွေစက္ကူတွေကို မသင်္ကာတာကြောင့် ဈေးဆိုင်ပိုင်ရှင်နဲ့ အငြင်းပွားရာကနေ သတင်းလှမ်းပို့တာကြောင့် ဖမ်းဆီး ရရှိခဲ့တာဖြစ်တယ်လို့ ပေါက်တောမြို့မ ရဲစခန်းမှူး ဦးသန်းဌေးက ပြောသည်။

“ သူတို့တွေရွာက ဈေးဆိုင်မှာ အဲ့ဒီငွေစက္ကူအတုတွေနဲ့ဈေးဝယ်တယ်။ တစ်သောင်းတန်ကို သုံးရာဖို့လောက်ပဲဝယ်တာ။ အဲ့ဒီမှာ ဈေးပိုင်ရှင်က ဒီပိုက်ဆံကအတု မရဘူးဆိုပြီးပြောတယ်။ အငြင်းပွားကြတယ်။ အဲ့ဒီမှာ ဈေးဆိုင်ပိုင်ရှင်က သူတို့တွေကို မသင်္ကာလို့ အုပ်ချုပ်ရေးမှူးကို သွားရောက်တိုင်လိုက်တယ်။ ကျနော်တို့ ရဲတပ်ဖွဲ့ဝင်တွေ ရောက်သွားတယ်။ သူတို့ကို ကျနော်တို့ သေချာစိစစ်လိုက်တော့ ငွေစက္ကူအတု တစ်သောင်တန်အားလုံး(၁၂၀၀၀၀) တွေ့တယ်။ ငွေစက္ကူသုံးစွဲသူ ၅ ယောက်ကို ကျနော်တို့ ဖမ်းဆီးထားပါတယ်။ ” ဟု ဆိုသည်။

ငွေစက္ကူအတုသုံးစွဲနေသူများမှာ ရွာကန်ချောင်းကျေးရွာက ဒေသခံတွေမဟုတ်ဘဲ ရန်ကုန်၊ ရွှေပေါက်ကံက နှစ်ဦး၊ ပေါက်တောမြို့နယ်၊ ဗျိုင်းသစ်အုပ်စု၊ ကြံခင်းရွာကနှစ်ဦး၊ ပေါက်တောမြို့နယ်၊ င/ပြီတက်ကျေးရွာကတစ်ဦး တို့ဖြစ်ကြပြီး သူတို့တွေက ဆွေမျိုးသားချင်းတွေဖြစ်တယ်လို့လည်း ဦးသန်းဌေးက ပြောသည်။

ငွေစက္ကူအတုကိုသုံးစွဲသဖြင့် ဖမ်းဆီးခံရတဲ့သူများဖြစ်သော ဇော်ဝင်းထွဋ် (၂၆ နှစ်)၂၁ ပတ်လမ်း သပြေကုန်းရပ်ကွက် ရွှေပေါက်ကံ၊ ဒေါ်လှခင်သိန်း (၂၃နှစ်) ၂၁ ပတ်လမ်း သပြေကုန်းရပ်ကွက် ရွှေပေါက်ကံ၊ ဒေါ်ကြည်မေ ( ၆၀ နှစ်) ကြံခင်းရွာ ၊ မလှမောင်သိန်း (၁၉နှစ်) ကြံခင်းရွာ ၊ ကျော်နိုင်ဝင်း (၁၈နှစ်) င/ပြီတက် ကျေးရွာ တို့ကို (ပ)၈၁/၂၀၁၇/ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်နေကြောင်း ပေါက်တောရဲစခန်းက သိရသည်။

နေရောင်မင်း (စစ်တွေ) / DMG
Development Media Group
https://www.facebook.com/dmgnewsagency/
ပေါက်တောတွင် ငွေစက္ကူအတုသုံးစွဲသူ ၅ ဦးကို ဖမ်းဆီးရမိ ပေါက်တောတွင် ငွေစက္ကူအတုသုံးစွဲသူ ၅ ဦးကို ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 19:24 Rating: 5
Powered by Blogger.