သထုံမြို့နယ်မှ ထွက်ရှိသော ကွမ်းရွက်များ ဈေးနှုန်းဆက်တိုက်ကျဆင်းသဖြင့် အရှုံးပေါ်နေ


မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းမှ ထွက်ရှိသော ကွမ်းရွက်များ သင်္ကြန်ပြီးကာလမှစတင်ကာ ဈေးဆက်တိုက် ကျနေသဖြင့် အရှုံးပေါ်နေကြောင်း သထုံမြို့ရှိ ကွမ်းစိုက်တောင်သူများထံမှ သိရှိရသည်။

သထုံဒေသထွက်ကွမ်းရွက်များ တင်ပို့ရာဒေသများတွင် မုံရွာဒေသထွက်ကွမ်းရွက်များ အဆက်မပြတ်ဝင်လာ ခြင်း၊ မုံရွာဒေသထွက်ကွမ်းရွက်များနှင့် ဈေးနှုန်းယှဉ်ရောင်းနိုင်မှု မရှိခြင်းတို့ကြောင့် အရှုံးပေါ်နေရခြင်းဖြစ် ကြောင်း သထုံမြို့နယ်၊ ဇရပ်ကျွန်းကျေးရွာနေ ကွမ်းစိုက်တောင်သူ ဦးသန်းထွန်းက ပြောသည်။
“အဓိက မုံရွာကွမ်းရွက်ကို ဒီဘက်ကကွမ်းကမယှဉ်နိုင်တာပါ။ မုံရွာကွမ်းက အရည်အသွေးကောင်းတယ်။ သန့် လည်းသန့်တယ်။ ဈေးကွက်ကို မုံရွာဘက်က တအားဝင်လာပြီဆို ဒီဘက်ကကွမ်းတွေက ဈေးမရတော့ဘူး။ အ ခုဆို ဈေးဆက်တိုက်ကျနေတာ (၂)လကျော်သွားပြီ။ ဈေးကသိသိသာသာကြီးကို ဆက်တိုက်ကျနေတယ်။ကွမ်း ရွက်ကလည်း စိုက်ထားပြီးဆိုတော့ ဒီနှစ်မိုးကတော့ အဆင်မပြေဘူး။”ဟု ဦးသန်းထွန်းက ပြောသည်။

ကွမ်းရွက်ဈေးများ ဆက်တိုက်ကျနေသည့်အပြင် ကွမ်းအတွက်လိုအပ်သော မျိုး၊ မြေသြဇာဈေး၊ လုပ်အားခများ မှာ ဈေးကျသွားခြင်းမရှိသည့်အပြင် ဈေးအတက်နှင့်ကြုံနေရခြင်းကြောင့် သထုံမြို့ရှိ ကွမ်းစိုက်တောင်သူများ ရေရှည်ရပ်တည်ရန်မလွယ်ကူနိုင်တော့ကြောင်း သိရသည်။

သင်္ကြန်ကာလတွင် ရှယ်ကွမ်းရွက်တစ်ပိဿလျှင် ကျပ်(၁၈၀၀)ရရှိခဲ့သေးသော်လည်း နောက်ပိုင်းတွင် ဈေးများ ကျဆင်းနေသဖြင့် ဇွန်လတတိယပတ်တွင် ကျပ်(၆၀၀)ခန့်သာရရှိနေပြီး အခြားရောနှောကွမ်းများမှာ ဝယ်သူမရှိ သလောက်ဖြစ်နေကြောင်း သိရသည်။
“ဈေးကွက်မှာလည်း ဒီဘက်ကွမ်းရွက်တွေက ဈေးကထင်သလောက်မရဘူး။ မုံရွာကွမ်းတွေရှားမှ ဒီဘက်က ဈေးနည်းနည်းပိုရတာ။ နောက်ဈေးကွက်ထဲမှာ တရုတ်မျိုးစပ်ကွမ်းရွက်တွေလည်း နေရာယူလာကြတယ်။ ဒီ ဘက်ကွမ်းရွက်တွေ ဈေးကောင်းရချင်ရင်တော့ သူများနည်းတူအရည်သွေးကောင်းအောင်စိုက်နိုင်ဖို့ရယ်၊ ဈေး ကွက်ပို့တဲ့နေရာမှာလည်း ဖြစ်သလိုမလုပ်ဘဲ ဈေးတန်းတစ်ခုရအောင် စုပေါင်းလုပ်ဖို့လိုတယ်။”ဟု သထုံမြို့မှ ကွမ်းရွက်အဝယ်ဒိုင် လုပ်ငန်းလုပ်ကိုင်သူ ကိုခင်ဇော်ကပြောသည်။

သထုံမြို့နယ်အတွင်း ထွက်ရှိသည့် ကွမ်းရွက်များကို ဒေသတွင်း အနီးဝန်းကျင်မြို့များအပြင် ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်းနှင့် ကရင်ပြည်နယ်များသို့ တင်ပို့ရောင်းချနေရကြောင်း ဒေသတွင်း ကွမ်းရွက်အဝယ်ဒိုင်များထံမှ သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/
သထုံမြို့နယ်မှ ထွက်ရှိသော ကွမ်းရွက်များ ဈေးနှုန်းဆက်တိုက်ကျဆင်းသဖြင့် အရှုံးပေါ်နေ သထုံမြို့နယ်မှ ထွက်ရှိသော ကွမ်းရွက်များ ဈေးနှုန်းဆက်တိုက်ကျဆင်းသဖြင့် အရှုံးပေါ်နေ Reviewed by THITHTOOLWIN on 17:12 Rating: 5
Powered by Blogger.