ပန်းတောင်းမြို့နယ်၌ ကမ်းပါးများ ပြိုကျမှုကြောင့် နေအိမ်များ အရေးပေါ် ဖျက်သိမ်း ပြောင်းရွှေ့


ပြည် ဇွန် ၂၃

ပဲခူးတိုင်း ဒေသကြီး အနောက်ပိုင်း ပန်းတောင်းမြို့နယ်အတွင်းရှိ ကျေးရွာ အချို့၌ ရေတိုက်စားမှု နှင့်အတူ ကမ်းပါးများ ပြိုကျနေ ခြင်းကြောင့် နေအိမ်များ အရေးပေါ် ဖျက်သိမ်း ပြောင်းရွှေ့နေရကြောင်း ပန်းတောင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

ဧရာဝတီမြစ်၊ ဘူးရိုးချောင်း၊ သူရဲတန်းချောင်းနှင့် သနီချောင်းတို့မှ ရေတိုက်စားမှုကြောင့် ကျွန်းမီး၊ ကိုင်းကြီး၊ ငှက်ဝ၊ အထက်ပဲကြီးနှင့် ဇရပ်လှ ကျေးရွာတို့ရှိ အိမ်အလုံး ၃ဝ ခန့်မှာ ဇွန် ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ပြောင်းရွှေ့မှုများ ပြုလုပ် နေရကြောင်း သိရသည်။

''ပန်းတောင်းမြို့နယ် အတွင်းမှာ ကျေးရွာပေါင်း ၂ဝ၈ ရွာရှိပါတယ်။ ကျေးရွာ ၁ဝဝ က မြစ်ဘေးနဲ့ ချောင်းဘေးမှာရှိတဲ့ ရွာတွေဆိုတော့ ရေတိုက်စားပြီး ကမ်းပါး ပြိုတာ တွေကြောင့် နှစ်စဉ်လိုလို အိမ်တွေ ပြောင်းရွှေ့ရပါတယ်''ဟု ပန်းတောင်း မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေက ပြောသည်။

ကမ်းပါး ပြိုကျမှုများကြောင့် နေအိမ်များ ဖျက်သိမ်း ရသည့်အပြင် စိုက်ပျိုးမြေများပါ တဖြည်းဖြည်း ရေတိုက်စား ခံနေရသောကြောင့် အခက်အခဲများ ဖြစ်ပေါ် လျက်ရှိသည်။

''ဒါတွေက နှစ်စဉ်နှစ်တိုင်း ကြုံနေရတဲ့ ပြဿနာဆိုတော့ တာဝန်ရှိတဲ့သူ တွေက ဒီရွာတွေထိ ကွင်းဆင်း ကြည့်ပြီး ရေတိုက်စားတဲ့ ကမ်းပါးတွေကို ရေကာတာ သဘောမျိုး လုပ်ပေးနိုင်ရင်တော့ ပိုကောင်းမယ်'' ဟု ကိုင်းကြီး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်ခိုင်က ပြောသည်။

ပန်းတောင်းမြို့နယ် အတွင်းရှိ ကျေးရွာ အချို့၌ မြစ်ရေကြီးမှုကြောင့် ကျေးရွာ များ ရေနစ်မြုပ်ခြင်း၊ စိုက်ပျိုးမြေများ ရေနစ်မြုပ်ခြင်းနှင့် တောင်ကျချောင်းရေများ ရုတ်တရက် ကြီးမြင့်လာခြင်း တို့ကြောင့် လူနေအိမ်များနှင့် ကျွဲ၊နွား တိရစ္ဆာန်များ ချောင်းတွင်းသို့ မျောပါခြင်း၊ ကမ်းပါးပြိုခြင်း များကြောင့် နေအိမ်များ ဖျက်သိမ်း ပြောင်းရွှေ့ရခြင်း များကို နှစ်စဉ်မိုးရာသီ ရောက်တိုင်း ကြုံတွေ့ရလေ့ ရှိကြောင်း ဒေသခံများ ထံမှ သိရသည်။

အမ်အမ်ကေ
မြ၀တီ
https://www.facebook.com/mwdmedia/
ပန်းတောင်းမြို့နယ်၌ ကမ်းပါးများ ပြိုကျမှုကြောင့် နေအိမ်များ အရေးပေါ် ဖျက်သိမ်း ပြောင်းရွှေ့ ပန်းတောင်းမြို့နယ်၌ ကမ်းပါးများ ပြိုကျမှုကြောင့် နေအိမ်များ အရေးပေါ် ဖျက်သိမ်း ပြောင်းရွှေ့ Reviewed by THITHTOOLWIN on 19:41 Rating: 5
Powered by Blogger.