မွေးရာပါကိုယ်အင်္ဂါချို့ယွင်းသော်လည်း မလျှော့သော ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကြိုးစားဖြေဆိုအောင်မြင်ခဲ့သူ မထူးထူးမွန်


ချီးကျူးဂုဏ်ပြုထိုက်သူ မထူးထူးမွန်

မထူးထူးမွန်သည် ညာဘက်လက်တွင် လက်ချောင်းများမပါရှိခြင်း၊ ဝဲဘက်လက် သည် တံတောင်ဆစ်အထိသာပါရှိခြင်း၊ ခြေထောက်နှစ်ဖက်သည် ဒူးခေါင်းအထိ သာပါရှိခြင်း စသည့် မွေးရာပါကိုယ်အင်္ဂါချို့ယွင်းမှုများဖြင့် မွေးဖွားကြီးပြင်းလာသူ ဖြစ်သော်လည်း မလျှော့သော ဇွဲ၊ လုံ့လ၊ ဝီရိယ၊ ကြိုးစားအားထုတ်မှုတို့ဖြင့် ၂ဝ၁၆- ၂ဝ၁၇ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုအောင်မြင် ခဲ့သူ လူငယ်တစ်ဦးဖြစ်ပါသည်။

မထူးထူးမွန်အား စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ကျွန်းလှမြို့နယ် သဖန်းဆိပ် ကျေးရွာတွင် အဖ ဦးမြင့်ငွေ (တောင်သူ/ ကွယ်လွန်)နှင့် အမိ ဒေါ်စက်ငွေ (တောင်သူ) တို့မှ ၂၇-၁ဝ-၁၉၉၈ ရက်နေ့တွင် ကိုယ်အင်္ဂါချို့ယွင်းမှုများစွာဖြင့် မွေးဖွားခဲ့ပါသည်။ မွေးကတည်းက ညာဘက်လက်တွင် လက်ချောင်းများမပါရှိပါ။ ဝဲဘက်လက်သည်လည်း တံတောင်ဆစ်အထိသာပါရှိပြီး ခြေထောက်နှစ်ဖက်မှာ လည်း ဒူးဆစ်အထိသာ ပါရှိလာသူဖြစ်ပါသည်။ မွေးချင်းမောင်နှမ (၃)ဦးရှိပြီး မထူးထူးမွန်မှာ အငယ်ဆုံးသမီးဖြစ်ပါသည်။

မိသားစုစားဝတ်နေရေးအဆင်မပြေသော်လည်း မိဘဖြစ်သူများက ကြိုးစား ရုန်းကန်၍ ကျောင်းထားပေးခဲ့ပြီး မထူးထူးမွန်ကိုယ်၌ကလည်း ကြိုးစားခဲ့သော ကြောင့် သဖန်းဆိပ်ရွာ၊ အလယ်တန်းကျောင်းတွင် သတ္တမတန်းအထိ တစ်နှစ် တစ်တန်း မှန်မှန်အောင်မြင်ခဲ့ပါသည်။ သတ္တမတန်းအောင်မြင်ပြီးနောက် မိသားစု စီးပွားရေးအခြေအနေအရ ကျောင်းဆက်တက်ရန် မဖြစ်နိုင်တော့သည့်အခြေအနေ ကြုံတွေ့ခဲ့ရပါသည်။ ယင်းအခြေအနေကို ဆရာမတစ်ဦးက လူမှုကွန်ရက်စာမျက်နှာ တွင် စေတနာရှင်ရှိပါက ကျောင်းဆက်တက်ချင်ကြောင်း ဖော်ပြခဲ့ပါသည်။ ယင်း ဖော်ပြချက်ကို ဦးခင်မောင်ဆွေ (ခေတ္တ-စင်ကာပူ)က တွေ့ရှိရာမှ၎င်း၏ငွေကြေး ထောက်ပံ့ပညာဒါနပြုမှုဖြင့် ရွာတိရွာအလယ်တန်းကျောင်းမှ အဋ္ဌမတန်းကို လည်းကောင်း၊ ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်တွင် ကျွန်းလှမြို့ အထက်တန်းကျောင်းမှ နဝမတန်းကိုလည်းကောင်း အောင်မြင်ခဲ့ပါသည်။ ထိုအချိန်တွင် ဦးခင်မောင်ဆွေမှာ စင်ကာပူမှ ပြန်လည်ရောက်ရှိခဲ့ကာ ကလေးမြို့၌ ဘာသာရပ်သင်ကိုယ်ပိုင်သင်တန်း ကျောင်းဖွင့်လှစ်ပြီး မထူးထူးမွန်နှင့် မိခင်ဖြစ်သူတို့အား ထိုသင်တန်းကျောင်းတွင် နေထိုင်စေကာ ဒသမတန်းပညာကို ဆက်လက်သင်ယူစေခဲ့ပါသည်။

၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ်တွင် ဒသမတန်းကို ပထမဆုံးအကြိမ် ဖြေဆိုခဲ့သော်လည်း ကျရှုံးခဲ့ ပါသည်။

သို့ရာတွင် မထူးထူးမွန်၏ ဇွဲ၊ လုံ့လ၊ ဝီရိယ ၊ ကြိုးစားအားထုတ်မှု၊ ဦးခင်မောင်ဆွေ ၏ ပံ့ပိုးမှု၊ မိခင်ဖြစ်သူ၏ စောင့်ရှောက်မှုတို့ဖြင့် ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကလေးမြို့ စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုခဲ့ရာ အောင်မြင်ခဲ့ပါသည်။


မထူးထူးမွန်၏ ကိုယ်ရေးအကျဉ်း

ကျွန်မ၏အမည်မှာ မထူးထူးမွန် ဖြစ်ပါသည်။ ကျွန်မကို စစ်ကိုင်းတိုင်း ဒေသကြီး၊ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ် ရွာတွင် အဖ ဦးမြင့်ငွေ(ကွယ်လွန်)နှင့် အမိ ဒေါ်စက်ငွေတို့မှ ၂၇-၁ဝ-၁၉၉၈ ရက်နေ့တွင် ဖွားမြင်ခဲ့ပါသည်။ မွေးချင်း (၃)ဦးအနက် အငယ်ဆုံးဖြစ်ပြီး ကျွန်မတွင် မွေးရာပါကိုယ်လက်အင်္ဂါများ ချို့ယွင်းခဲ့ပါသည်။ ကျွန်မ၏ ညာဘက် လက်တွင် လက်ချောင်းများ မပါရှိခဲ့ပါ။ ထို့ပြင် ဝဲဘက်လက်တွင်လည်း တံတောင်ဆစ်အထိသာ ပါရှိခဲ့ပါသည်။ ခြေထောက်နှစ်ဖက်မှာလည်း ဒူးခေါင်း အထိသာ ပါရှိခဲ့ပါသည်။

ကျွန်မသည် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်သောအခါ ဝမ်းသာဝမ်းနည်း ဖြစ်မိပါသည်။ ကျွန်မ တက္ကသိုလ် ဝင်တန်း စာမေးပွဲအောင်မြင်၍ ဝမ်းသာသည်မှာမှန်သော်လည်း ကျွန်မတက္ကသိုလ် ဆက်တက်နိုင်ရေးအတွက် အဆင်မပြေဖြစ်မည်ကို စိုးရိမ်ပူပန်ကာ ဝမ်းနည်းမိပါသည်။ အဘယ်ကြောင့်ဆိုသော် ဆရာဦးခင်မောင်ဆွေမှ ဒသမတန်းအောင်မြင်သည်အထိ သာ တာဝန်ယူပေးမည်ဟု ပြောထားရာ တက္ကသိုလ်ဆက်လက်သင်ကြားနိုင်ရေး အကူအညီလိုအပ်နေပါသေးသည်။

ယခုလက်ရှိ၌ ဦးခင်မောင်ဆွေနှင့်အတူ ပညာတံခွန်-၁ (ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းကျောင်း)၊ ၁ဝ၉/၅၊ ပင်လုံရပ်ကွက်၊ ကလေးမြို့၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင် နေထိုင်လျက်ရှိပါသည်။

ဆက်သွယ်ရန် ဖုန်း -ဝ၉-၇၈၉၁၂၄၂၄ဝ/ဝ၉-၂၅၈၁၅၄၆၅၇/ဝ၉-၃၆၈၄၉၉ဝ၎

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မွေးရာပါကိုယ်အင်္ဂါချို့ယွင်းသော်လည်း မလျှော့သော ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကြိုးစားဖြေဆိုအောင်မြင်ခဲ့သူ မထူးထူးမွန် မွေးရာပါကိုယ်အင်္ဂါချို့ယွင်းသော်လည်း မလျှော့သော ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကြိုးစားဖြေဆိုအောင်မြင်ခဲ့သူ မထူးထူးမွန် Reviewed by THITHTOOLWIN on 08:01 Rating: 5
Powered by Blogger.