တပ်ကို အထင်အမြင်လွှဲအောင် မလုပ်ဖို့ ဟောပြောပွဲကျင်းပ

မြန်မာ့တပ်မတော် ထောက်ခံသူတွေရဲ့ ဟောပြောပွဲကို ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဇွန်လ ၂၆ ရက်နေ့က ကျင်းပစဉ် Photo: Thiha Tun/RFA
သတင်းမီဒီယာတွေမှာ တပ်မတော်ကို အထင်အမြင်လွဲမှားအောင်၊ ပုံရိပ်ဆိုးတွေထင်အောင် ရေးသားမူတွေ မလုပ်စေဖို့ မြန်မာ့တပ်မတော် ထောက်ခံသူတွေရဲ့ ဟောပြောပွဲကို ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။

မြန်မာ့တပ်မတော်ကို သတင်းမီဒီယာတွေ၊ အွန်လိုင်းစာမျက်နှာတွေမှာ အထင်အမြင် လွဲမှားအောင်လုပ်တဲ့ ကိစ္စရပ်တွေကို ရပ်တန့်စေလိုတဲ့အတွက် အခုလို တပ်မတော် ထောက်ခံပွဲ ပြုလုပ်ရတာလို့ ပွဲစီစဉ်သူ တစ်ဦးဖြစ်တဲ့ ဦးရဲစိုးအောင် (လှိုင်လူငယ်) က ပြောပါတယ်။

အဲဒီပွဲမှာ ကလောင်လက်နက်နဲ့ မြန်မာ့တပ်မတော်ကို အကျည်းမတန်ပါစေနဲ့၊ ကျင့်ဝတ်သိက္ခာတွေကို လေးစားပါ စတဲ့ဗီနိုင်းပိုစတာတွေကို ထောက်ခံသူတွေက ကိုင်ဆောင်လာကြပြီး စာရေးဆရာ အမတ်ဒိန်၊ ဦးကျော်သူငြိမ်း နဲ့ ဒေါ်လီလီနိုင်ကျော်တို့က ဟောပြောခဲ့ကြပါတယ်။

ဒီဟောပြောပွဲကို တရားဝင်ခွင့်ပြုချက်နဲ့ ကျင်းပတာဖြစ်ပြီး လူဦးရေ ၂ဝဝ ကျော် တက်ရောက်ခဲ့ပါတယ်။

မြန်မာ့တပ်မတော်နဲ့ ပြည်သူတွေကြား၊ တပ်မတော် အရာရှိတွေနဲ့ အောက်ခြေ စစ်သားတွေကြားမှာ တချို့သတင်း ဌာနတွေက သွေးခွဲတဲ့ ပုံစံမျိုးတွေ ရေးသားလုပ်ဆောင်နေတယ်လို့ ဒီပွဲမှာ ဟောပြောကြသူတချို့က ပြောပါတယ်။

ကျည်ထောင်စုသစ္စာ ဆောင်းပါးရေးသားတဲ့ ဗြိတိသျှကိုကိုမောင်နဲ့ ဆောင်းပါးဖော်ပြခဲ့တဲ့ The Voice အယ်ဒီတာချုပ် ကိုကျော်မင်းဆွေတို့ကို ရန်ကုန်တိုင်း စစ်ဌာနချုပ် ဒုတိယဗိုလ်မှူးကြီး လင်းထွန်းက အမှုဖွင့်တိုင်ကြားခဲ့တာဖြစ် ပါတယ်။ သတင်းမီဒီယာ သမားတွေကို အစိုးရအာဏာပိုင်တချို့က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃနဲ့ တရားစွဲခဲ့စဉ်က ကန့်ကွက်တာတွေ မလုပ်ပေမယ့် တပ်မတော်က The Voice အယ်ဒီတာချုပ်နဲ့ ဆောင်းပါးရှင်တို့ကို တရားစွဲတဲ့အခါမှာ ကန့်ကွက်နေတာဟာ ဘက်လိုက်မူကြောင့်ဖြစ်တယ်လို့ ဟောပြောသူတချို့က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ဃ နဲ့ တရားစွဲဆိုအမှုဖွင့်ခဲ့တဲ့အပေါ် ကန့်ကွက်တဲ့ အနေနဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်အနီးမှာ ပုဒ်မ ၆၆ ဃ ဖျက်သိမ်းရေး လက်မှတ်ရေးထိုး လှုပ်ရှားမှုပြုလုပ်ဖို့ စီစဉ်ထားပေမယ့် ခွင့်ပြုချက် မရခဲ့ပါဘူး။

လက်ရှိမှာ ဆက်သွယ်ရေးဥပဒေနဲ့ တရားစွဲဆိုခံထားရတဲ့အမှုပေါင်း ၇ဝ ရှိပြီး ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနထံ ပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုခွင့် ကြိုတင်ခွင့်ပြုမိန့် တင်ထားတဲ့ အမှုပေါင်း ၁၆၆ မှုရှိနေပါတယ်။

RFA Burmese
http://www.rfa.org/burmese
တပ်ကို အထင်အမြင်လွှဲအောင် မလုပ်ဖို့ ဟောပြောပွဲကျင်းပ တပ်ကို အထင်အမြင်လွှဲအောင် မလုပ်ဖို့ ဟောပြောပွဲကျင်းပ Reviewed by THITHTOOLWIN on 18:37 Rating: 5
Powered by Blogger.