လားရှိုးရှိ ဟိုတယ်(၉)ခုအား ကျည်တစ်တောင့် နှင့် TNLA အမည်ဖြင့် စာတစ်စောင်ပေးပို့ကာ ငွေကြေးတောင်းခံထား


ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့ရှိ ဟိုတယ်လုပ်ငန်း (၉)ခုအား PSLF/TNLA ၏ အခွန်ဦးစီးဌာန၊ လားရှိုးလှုပ်ရှားအဖွဲ့သို့ မေလ (၂၅)ရက်နေ့ နောက်ဆုံးထား ငွေကြေးပေးပို့ရန် တောင်းခံထားသည့်ကိစ္စနှင့် ပတ်သက်၍ TNLA အား တာချီလိတ်သတင်းအေဂျင်စီမှ ဆက်သွယ်မေးမြန်းရာ ပြန်လည် ဖြေကြားခြင်း မရှိသည်ကို တွေ့ရသည်။

လားရှိုးမြို့မှ ဟိုတယ်လုပ်ငန်း (၉)ခုအား PSLF/TNLA အခွန်ဦးစီးဌာန၊ လားရှိုးလှုပ်ရှားအဖွဲ့မှ မိုင်းနောဇား အမည်ဖြင့် လက်မှတ်ထိုးထားသည့် ဆက်ကြေးတောင်းသည့်စာနှင့် ကျည်ဆံတစ်တောင့်စီပါသည့် စာအိတ်များအား ပေးပို့သည့် ကိစ္စနှင့်ပတ်သက်၍ TNLA အား ဆက်သွယ်မေးမြန်းရာ ပြန်လည် ဖြေကြားခြင်းမရှိသည်ကို တွေ့ရသည်။

“အဲဒီကိစ္စကတော့ ဗိုလ်မှူးတားအိုက်ကျော်ကို တိုက်ရိုက်မေးလိုက်ပါ။ ဖုန်းနံပါတ်ပေးလိုက်ပါ့မယ်။ ကျွန်တော်တို့ ပြန်ကြားရေးဌာနအနေနဲ့ ဖြေလို့မရပါဘူး” ဟု TNLA သတင်းနှင့်ပြန်ကြားရေးဌာနအား ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင် ဖြေကြားခဲ့သည်။


ဗိုလ်မှူးတားအိုက်ကျော်အား ဆက်သွယ်မေးမြန်း၍ မရဘဲ အဆိုပါကိစ္စနှင့်ပတ်သက်၍ အတည်ပြုရန် ငွေတောင်းခံစာပါ ဖုန်းနံပါတ်အား ဆက်သွယ်ရာ ပြန်လည်ဖြေကြားသူက “အဲဒါ ဘာကိုသိချင်တာလဲ”ဟု ပြန်လည်မေးမြန်းခဲ့ပြီး ငွေတောင်းခံသည့်ကိစ္စအား အတည်ပြုပေးရန် ဆက်လက်မေးမြန်းရာ ဖုန်းနံပါတ် မှားနေသည်ဟု ပြန်လည်ဖြေကြားခဲ့ပါသည်။

လားရှိုးမြို့မှ ဟိုတယ် (၉)ခုအား မေလ (၂၃) ရက်နေ့ ညပိုင်းတွင် TNLA လက်နက်ကိုင်တပ်ဖွဲ့မှ ဆက်ကြေးတောင်းစာနှင့် ကျည်ဆံတစ်တောင့်စီပေးပို့ခဲ့ကြောင်း ရှမ်းပြည်နယ် ဒုတိယ ပြည်နယ်ရဲ တပ်ဖွဲ့မှူးရုံးမှ အတည်ပြုပြောကြားထားသည်။

“ဟုတ်ပါတယ်။ (၂၃) ရက်နေ့ ညပိုင်းမှာ လားရှိုးက ဟိုတယ်(၉)ခုကို ကျည်ဆံတစ်တောင့်စီနဲ့ စာတစ်စောင်စီကို စာအိတ်နဲ့ထည့်ပြီး လူခြောက်ဦးက လိုက်ပေးခဲ့တယ်လို့သိရပါတယ်”ဟု ရှမ်းပြည်နယ် ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက တာချီလိတ် သတင်းအေဂျင်စီသို့ မေလ (၂၅)ရက်နေ့တွင် အတည်ပြု ပြောကြားသည်။


ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့ရှိ ဟိုတယ်(၉)ခုမှ တာဝန်ခံမန်နေဂျာများအား လိပ်မူ၍ ကျည်ဆံ တစ်တောင့်စီနှင့် ငွေကြေးတောင်းခံစာပါသည့် စာအိတ်များအား လူငယ်(၆)ဦးက ဆိုင်ကယ်(၃)စီးဖြင့် လိုက်လံ ပေးပို့ခဲ့ကြောင်း သိရပြီး အဆိုပါ ငွေကြေးတောင်းခံစာတွင် PSLF/TNLA လားရှိုးလှုပ်ရှားမှုအဖွဲ့ အခွန်ဦးစီးဌာနသို့ ဆက်သွယ်ရန် ဖုန်းနံပါတ်များနှင့် သတင်းပေါက်ကြားမှုကြောင့် နောက်ဆိုး ကျိုးပြဿနာများ မဖြစ်ပွားစေရန် အထူးသတိပြုရန်ဟုလည်း ဖော်ပြထားသည်ကို တွေ့ရသည်။

ငွေကြေးတောင်းခံသည့်စာတွင် ရေးသားထားချက်အရ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ဒေသတွင်း စီးပွားရေး လုပ်ကိုင်နေသည့် လုပ်ငန်းရှင်များအနေဖြင့် PSLF/ TNLA အခွန်ဦးစီးဌာနမှ သတ်မှတ်ထားသည့် ရန်ပုံငွေများအား ထည့်သွင်းပြီးမှ လုပ်ငန်းလုပ်ဆောင်ရန်နှင့် ရန်ပုံငွေထည့်သွင်း လုပ်ဆောင်သည့် လုပ်ငန်းများအား အဖွဲ့မှ စောင့်ရှောက်မှုများပေးမည်ဖြစ်ပြီး ၂၀၁၇ ခုနှစ် ဧပြီလမှ မေလအထိ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်တောင်းခံမှုများအား အရေးမထားခဲ့သည့် လုပ်ငန်းများအား ယခုကဲ့သို့ စာဖြင့်ပို့ဆောင်တောင်းခံရခြင်းဖြစ်ပြီး မေလ (၂၅) ရက်နေ့တွင် နောက်ဆုံးထား၍ လာရောက် ပေးဆောင်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

သတင်း - ဇူးဇူးနေခြည်
Photo: Ax Sai
Tachileik News Agency
http://www.tachileik.net
လားရှိုးရှိ ဟိုတယ်(၉)ခုအား ကျည်တစ်တောင့် နှင့် TNLA အမည်ဖြင့် စာတစ်စောင်ပေးပို့ကာ ငွေကြေးတောင်းခံထား  လားရှိုးရှိ ဟိုတယ်(၉)ခုအား ကျည်တစ်တောင့် နှင့် TNLA အမည်ဖြင့် စာတစ်စောင်ပေးပို့ကာ ငွေကြေးတောင်းခံထား Reviewed by THITHTOOLWIN on 20:22 Rating: 5
Powered by Blogger.