NCA ကို လက်မှတ်ထိုးမည်မဟုတ်ဟု ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ ထုတ်ဖော်ပြောဆို


နေပြည်တော်၊မေ ၂၇။

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးမည်မဟုတ်ဟု ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (မြောက်ပိုင်းအဖွဲ့) ဦးဆောင်အဖွဲ့ ‘၀’ ပြည်သွေးစည်းညီညွတ်ရေးပါတီမှ ပြင်ပဆက်ဆံရေးဆက်သွယ်ရေးဌာနကြီးမှူး ကျောက်ကော်အမ်းက ပြောသည်။

“ NCA တော့ ကျွန်တော်တို့က ထိုးမှာ မဟုတ်ဘူး” ဟု ကျောက်ကော်အမ်းက မေ ၂၆ရက် နေ့တွင် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ဥက္ကဌ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံအပြီးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် NCA ကို တိုင်းရင်းသားလက်နက်ကိုင်အားလုံး လက်မှတ် ထိုးရေးအတွက် ကြိုးစားနေပြီး တပ်မတော် နှင့် အစိုးရသည် NCA လမ်းကြောင်းအတိုင်းသာ သွားမည်ဟု သိရသည်။

"NCA ထဲမှာ ပြင်ဆင်ခြင်းဆိုတာ မပါဘူး။ NCA ဆိုတာလည်း အစိုးရနဲ့ တပ်မတော်က ပိုင်ဆိုင်တာ မဟုတ်ဘူး။ ဒါက (၁၇) လကြာ အကျိတ်အနယ် ဆွေးနွေးခဲ့ပြီးတော့မှ ပေါ်ပေါက်လာတဲ့စာတမ်းဖြစ်တယ်" ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မေ ၂၇ရက်တွင် ပြုလုပ်ခဲ့သော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ရာစု ပင်လုံ ဒုတိယအစည်းအဝေး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

NCA နှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က “သမိုင်းတစ်လျောက်ပြန်ကြည့်ရင် အပစ်ရပ်သဘောတူစာချုပ်တွေ အသီးသီး ချုပ်ဆိုခဲ့ကြပေမယ့် အပစ်ရပ် လုပ်ငန်းစဉ် ခိုင်မာရေး၊ အပစ်ရပ်ပြီးတဲ့နောက် နိုင်ငံရေးဆွေးနွေးမှု လုပ်ငန်းစဉ်ဖြစ်မြောက်ရေးတို့အတွက် အာမခံချက်တွေ မရှိခဲ့ပါဘူး။ ဒီ အာမခံချက်၂ရပ်ကို ရရှိစေဖို့ နှစ်ဦးနှစ်ဖက် ကတိက၀တ်ပြုကြမယ့် သဘောတူစာချုပ်တစ်ရပ် ရှိဖို့လိုတယ်ဆိုတဲ့ အယူအဆနဲ့ NCA ဆိုတာ ဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ်”ဟု မေ ၂၄ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစု ပင်လုံ ဒုတိယအကြိမ် အစည်းအဝေး အဖွင့်မိန့်ခွန်းတွင်လည်း ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် နိုင်ငံတကာ ငြိမ်းချမ်းရေးဖြစ်စဉ်များနှင့် ယှဉ်ကြည့်ပါက မြန်မာနိုင်ငံ၏ NCA သည် အပစ်ရပ်လုပ်ငန်းစဉ်ခိုင်မာရေး၊ နိုင်ငံရေးဆွေးနွေးအာမခံချက်ရှိရေှးနှင့် လက်ခံနိုင်စရာကောင်းသည့် အဆင့်တစ်ဆင့်လို့ ဆိုနိုင်ကြောင်း ၄င်းက ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ရာစု ပင်လုံညီလာခံ ဒုတိယအစည်းအဝေးကို NCA ထိုးပြီးသော တိုင်းရင်းသားလက်နက်ကိုင် ၈ဖွဲ့တက်ရောက်ခဲ့ပြီး လက်မှတ်ထိုးရန် ညှိနှိုင်းနေဆဲဖြစ်သော UNFC ကမူ တက်ရောက်ခဲ့ခြင်း မရှိပေ။ သို့သော် မြောက်ပိုင်း ၇ဖွဲ့ဖြစ်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ က အထူးဖိတ်ကြားသူအနေဖြင့် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

“အခု ဒီကို ရောက်ရှိလာတာက ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်စဲနိုင်ဖို့ ကျွန်တော်တို့ဘက်က ယုံယုံကြည်ကြည်နဲ့ စတင်ပြီးတော့ ခြေလှမ်းလှမ်းတယ်လို့ ပြောရမှာဖြစ်ပါတယ်” ဟု တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA အထွေထွေအတွင်းရေးမှူး၂ တာပန်လ က ပြောသည်။

မြောက်ပိုင်း ၇ဖွဲ့သည် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ဥကဌ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ၎င်းတို့၏ မြောက်ပိုင်းမဟာမိတ်များ၏ မူဝါဒနှင့် ရပ်တည်မှုစာတမ်းကို ပေးအပ်ခဲ့ကြောင်း သိရသည်။

တေဇာအောင်
Central News Myanmar
https://www.facebook.com/CNMyanmar/
NCA ကို လက်မှတ်ထိုးမည်မဟုတ်ဟု ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ ထုတ်ဖော်ပြောဆို NCA ကို လက်မှတ်ထိုးမည်မဟုတ်ဟု ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ ထုတ်ဖော်ပြောဆို Reviewed by THITHTOOLWIN on 17:27 Rating: 5
Powered by Blogger.