"Mora" ဆိုင်ကလုန်းမုန်တိုင်း ရခိုင်ကမ်းရိုးတန်းအနီးမှ ရွှေ့လျားမည်


မိုးဝေ၊ မေ ၂၉

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း "မိုရာ”( Cyclonic Storm "Mora") သည် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ရခိုင်ကမ်းရိုးတန်း အနီးမှ ရွေ့လျားနိုင်မည်ဟု မိုးလေဝါသနှင့်ဇလဗေဒ ညွှန်ကြားရေးမှူး ဦးစီးဌာမှ သိရသည်။

မိုးလေဝါသနှင့် ဇလဗေဒညွှန်ကြားရေးမှူး ဦးစီးဌာနမှ မြန်မာစံတော်ချိန် နေ့လည် ၁၁ နာရီထုတ်ပြန်ချက်အရ ဆိုင်ကလုန်း မုန်တိုင်းသည် မြန်မာနိုင်ငံ ပုသိမ်မြို့၏ အနောက်မြောက်ဘက်(၁၉၅)မိုင်ခန့်၊ စစ်တွေမြို့၏ အနောက်တောင် ဘက်မိုင်(၁၈၀) ခန့်နှင့် ကျောက်ဖြူမြို့၏ အနောက်တောင်ဘက်မိုင်(၁၇၀) ခန့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ စစ်တကောင်းမြို့၏ တောင်- အနောက်တောင်ဘက် မိုင်(၂၉၀)ခန့်အကွာ ပင်လယ်ပြင် ကို ဗဟိုပြုနေပြီး နောက် (၁၂)နာရီအတွင်း အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုရာ” (Severe Cyclonic Storm "Mora") အဖြစ်သို့ရောက်ရှိနိုင်သည်ဟု ထုန်ပြန်ထားသည်။

"ဒီကနေ့ နံနက်ကနေ နောက် (၁၂ )နာရီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေဒေသ စစ်တကောင်းမြို့ အနီးမှ ဖြတ်မယ်လို့တော့ခန့်မှန်း ထားပါတယ်။ အားကောင်းတဲ့ မုန်းတိုင်းအဆင့်တော့ ဖြစ်လာပြီ။ ရခိုင်ကမ်းရိုးတန်းက ရွေ့လျားမယ်။ ရခိုင်ပြည်နယ်မှာ ဆိုင်ကလုန်းမုန်တိုင်းဖြတ်တဲ့ အချိန် အမြင့်ဆုံးမိုင်နှုန်းကတော့ တစ်နာရီ မိုင် ၅၀ကနေ ၆၀ အထိရှိနိုင်ပါတယ်"ဟု ပြည်နယ် မိုးလေဝါသနှင့် ဇလဗေဒ ညွှန်ကြားရေးမှူးဦးစီးဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းအေးကျော်ကပြောသည်။

ဆိုင်ကလုန်းမုန်တိုင်း၏ လက်ရှိ အခြေအနေမှာ လိမ္မော်ရောင်အဆင့်သတ်မှတ်ထားပြီး ဗဟိုချက်လေဖိအား (၉၉၄) ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၅၅)မိုင်မှ မိုင် (၆၀) နှုန်း အထိဖြစ်သည်ဟု သိရသည်။

''ရခိုင်ကမ်းရိုးတန်း ကရွေ့လျားမယ်ဆိုတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းတော့စိုးရိမ်ရတယ်" ဟု ဦး ထွန်းအေးကျော်က ပြောသည်။

စစ်တွေမြို့တွင် ယနေ့နံနက်ပိုင်းက မိုးအနည်းငယ်ရွာသွန်းခဲ့ပြီး လက်ရှိအချိန်တွင် လေငြိမ်လျှက်ရှိသည်။

Rakhine Gazette
https://www.facebook.com/RakhineGazetteJournal/
"Mora" ဆိုင်ကလုန်းမုန်တိုင်း ရခိုင်ကမ်းရိုးတန်းအနီးမှ ရွှေ့လျားမည် "Mora" ဆိုင်ကလုန်းမုန်တိုင်း ရခိုင်ကမ်းရိုးတန်းအနီးမှ ရွှေ့လျားမည် Reviewed by THITHTOOLWIN on 15:52 Rating: 5
Powered by Blogger.