G7 စက်မှုနိုင်ငံတွေရဲ့ အစည်းအဝေးမှာ သဘောထားကွဲတာတွေရှိနေ

အစောပိုင်းမှာလည်း အမေရိကန်နဲ့ တခြားနိုင်ငံတွေ လွတ်လပ်စွာ ကုန်သွယ်ရေး အပိုင်း ဆွေးနွေးမှု အခက်အခဲ ရှိခဲ့
အီတလီမှာ ကျင်းပနေတဲ့ ကမ္ဘာတလွှားက စက်မှုနိုင်ငံကြီးတချို့ပါဝင်တဲ့ G7 အဖွဲ့ အစည်းအဝေးအပြီးမှာ အကြမ်းဖက်တိုက်ဖျက်ရေးနဲ့ လွတ်လပ်စွာ ကုန်သွယ်ရေးကလွဲလို့ ကမ္ဘာ့ ရာသီဥတု ဖောက်ပြန်မှု တိုက်ဖျက်ရေး၊ ရုရှားနဲ့ ဆက်ဆံရေးပုံစံနဲ့ ဒုက္ခသည်အရေးတွေနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့သဘောထားကွဲမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

အဓိကအားဖြင့် ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှု တိုက်ဖျက်ရေးအပိုင်းမှာ အမေရိကန်ရဲ့ အခြေအနေကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတဲရက်စ်က အခုလို ပြောပါတယ်။

'အမေရိကန်က ဥတုဆိုင်ရာ ပါရီသဘောတူချက် ကနေ ထွက်မထွက်တော့ ကျနော် မသိပါဘူး။ ဒီလို တနိုင်ငံက ထွက်တာနဲ့တော့ ဒီသဘောတူချက်က ပျက်သွားစရာ မရှိပါဘူး၊ ဒါကို သံသယရှိတဲ့ တနိုင်ငံ ပါနေရင် ကျန်တဲ့ နိုင်ငံတွေက ဒါကို ဖြေဖျောက်ပေးရမှာပါ'

လို့ မစ္စတာ ဂူတဲရက်စ် ပြောသွားတာပါ။

ဒီအစည်းအဝေးမှာ အမေရိကန် သမ္မတ ထရမ့်အနေနဲ့ ကမ္ဘာကြီး ပူနွေးမှုဆိုင်ရာ ပါရီ သဘောတူချက်ကို လက်မလွှတ်ဖို့ကိုလည်း ဂူတဲရက်စ်က တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

အစောပိုင်းမှာလည်း အမေရိကန်နဲ့ တခြားနိုင်ငံတွေ လွတ်လပ်စွာ ကုန်သွယ်ရေး အပိုင်း ဆွေးနွေးမှု အခက်အခဲ ရှိခဲ့ပေမယ့် နောက်ဆုံးမှာ အမေရိကန်သမ္မတ ထရမ့်က တနိုင်ငံချင်းစီ ကိုယ်ကျိုးစီးပွား ကာကွယ်တဲ့ ဝါဒ တိုက်ဖျက်ရေးကို ထောက်ခံမှု ပေးခဲ့တယ်လို့ သိရပါတယ်။

ဒီအစည်းအဝေးကို တူနီးရှား၊ ကင်ညာ၊ အီသီယိုးပီးယား၊ နီဂျဲနဲ့ နိုင်ဂျီးရီးယား နိုင်ငံတွေလည်း တက်ရောက်ခဲ့ပြီး ဒုက္ခသည် ကိစ္စတွေ အာဖရိကဘက်မှာပဲ ဆက်ထားဖို့အရေး ဆွေးနွေးခဲ့ကြပါတယ်။

အခုလို ကျင်းပနေတဲ့ ဂျီဆဲဗင်း အဖွဲ့ဝင် နိုင်ငံတွေကတော့ ဂျပန်၊ အမေရိကန်၊ ဂျာမနီ၊ ဗြိတိန်၊ အီတလီ၊ ပြင်သစ်နဲ့ ကနေဒါတို့ ဖြစ်ကြပါတယ်။

BBC Burmese
http://www.bbc.com/burmese
G7 စက်မှုနိုင်ငံတွေရဲ့ အစည်းအဝေးမှာ သဘောထားကွဲတာတွေရှိနေ G7 စက်မှုနိုင်ငံတွေရဲ့ အစည်းအဝေးမှာ သဘောထားကွဲတာတွေရှိနေ Reviewed by THITHTOOLWIN on 19:16 Rating: 5
Powered by Blogger.