တောင်ကြီးမြို့ မှာ ညပိုင်းအချိန် ကားမှန်တွေရိုက်ခွဲခံရ


တောင်ကြီး ၊ မေ-၁၂

တောင်ကြီးမြို့ မိန်းလမ်းအောက်ဘက် ညအိပ် ရပ်တန့်ထားတဲ့ ကားတွေရဲ့ မှန်တွေ မကြာခဏရိုက်ခွဲခံနေရတယ်လို့ စုံစမ်းသိရှိရပါတယ်။ ညအိပ်ရပ်နားထားတဲ့ ကားမှန်တွေ မကြာခဏ ရိုက်ခွဲခံနေရတာဖြစ်ပြီးတော့ မေလ ၉ ရက်နေ့ကလည်း မြင်းရုပ်အောက်ဘက်မှာရပ်တန့်ထားတဲ့ စတိုးဆိုင်ရှင်တစ်ဦးရဲ့ကားမှန်ကို အုတ်ခဲနဲ့ရိုက်ခွဲခံခဲ့ရတယ်လို့ ကားပိုင်ရှင်က ပြောပါတယ်။
" ကားက လမ်းဘေးမှာ ရပ်ထားတာပါ၊ ညပိုင်း ၁၂း၀၀ကျော်လောက်ဖြစ်မယ်၊ ဆိုင်ကယ်သံတွေလည်းကြားလိုက်တယ်၊ ဒုန်းဆိုပြီးတော့ အုတ်ခဲနဲ့ရိုက်ခွဲသွားတာ၊ ဘာကြောင့် ဒီလိုလုပ်တယ်ဆိုတာတော့ မသိပါဘူး၊ လူငယ်အဖွဲ့လိုက်လုပ်သွားတာပါ " လို့ အဆိုပါ ကားမှန်ရိုက်ခွဲခံခဲ့ရတဲ့ ကားပိုင်ရှင်ကပြောပါတယ်။


အလားတူ မေလ ၇ ရက်နေ့ခန့်ကလည်း မြစံပယ်ခန်းမ ဘေး၊ သီးသန့်ရဲစခန်းဝန်းနဲ့မျက်နှာချင်းဆိုင်မှာ ညအိပ်ရပ်တန့်ထားတဲ့ ပရိုဘောက် ကားမှန်ကို ရိုက်ခွဲခံခဲ့ရတယ်လို့ ကားမှန်ပျက်စီးသွားတဲ့ အငှားယာဉ်မောင်း ကပြောပါတယ်။ အခုလို ညပိုင်းအချိန်တွေမှာ လိုက်လံဖျက်စီးနေတဲ့ လူငယ်အဖွဲ့ကို ဖမ်းဆီးအရေးယူပေးဖို့ကိုလည်း သက်ဆိုင်ရာကို အကြောင်းကြားတိုင်ကြားထားတယ်လို့ ကားမှန်ရိုက်ခွဲခံခဲ့ရတဲ့ ကားပိုင်ရှင်အချို့ကပြောပါတယ်။

မတ်လစတုတ္တပတ်ကနေ မေလဆန်းအတွင်း အကြောင်းမရှိ ပဲ ညအိပ်ရပ်နားထားတဲ့ ကားမှန်တွေရိုက်ခွဲခံခဲ့ရသူ ၆ ဦးထက်မနည်းရှိတယ်လို့ ကားမှန်ရိုက်ခွဲခံခဲ့ရတဲ့ ကားပိုင်ရှင်အချို့ထံက သတင်းရရှိပါတယ်။

သတင်း -ခွန်ဆာ
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews
တောင်ကြီးမြို့ မှာ ညပိုင်းအချိန် ကားမှန်တွေရိုက်ခွဲခံရ တောင်ကြီးမြို့ မှာ ညပိုင်းအချိန် ကားမှန်တွေရိုက်ခွဲခံရ Reviewed by THITHTOOLWIN on 21:59 Rating: 5
Powered by Blogger.