ဝန်ကြီးချုပ်မေကို လူလိမ်လို့ စွပ်စွဲထားတဲ့ သီချင်း ယူကေမှာ ရေပန်းစားနေ


အခု တပတ် ယူကေ ထိပ်တန်း အရောင်းရဆုံး သီချင်းစာရင်းမှာ အသစ်ဝင်လာတဲ့ သီချင်းတပုဒ်ကတော့ ထူးခြားနေပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေကို လူလိမ် လို့ စွပ်စွဲ ထားတဲ့ Liar Liar GE2017 အမည်နဲ့ သီချင်းဟာ လက်ရှိ အရောင်းရဆုံး နံပါတ် ၇ နေရာမှာ ရပ်တည်နေတာပါ။ iTunes က အရောင်းရဆုံး စာရင်းမှာလည်း အဲဒီ သီချင်းက တတိယနေရာ ချိတ်ပါတယ်။

Captain Ska အဖွဲ့ရဲ့ အဲဒီ ပေါ့ပ်ရဂေး အမျိုးအစား သီချင်းမှာ မစ္စမေရဲ့ မိန့်ခွန်းနဲ့ တွေ့ဆုံးမေးမြန်းခန်း တချို့ကို ထည့်သွင်းထားပြီး ယူကေရဲ့ ကျန်းမာရေး၊ ပညာရေး၊ ဆင်းရဲမွဲတေမှုနှုန်း မြင့်တက်နေမှုနဲ့ ရွေးကောက်ပွဲ အကြောင်းတွေကို စပ်ဆိုထားတာပါ။

ဝင်ငွေနည်း လုပ်သားတွေ၊ အလုပ်လက်မဲ့တွေ၊ မသန်စွမ်းတွေ၊ လူငယ်နဲ့ လူနည်းစု လူမျိုးစု ဝင်တွေရဲ့ အခွင့်အရေး အတွက် တိုက်ပွဲ ဝင်ပေးနေတဲ့ People's Assembly Against Austerity အဖွဲ့ကလည်း ဒီသီချင်းကို သူတို့ရဲ့ လှုံဆော်ပွဲတွေမှာ အသုံးပြုနေပါတယ်။

သီချင်းရဲ့ သံပြိုင် အပိုဒ်မှာ “သူဟာ လူလိမ်၊ သူ့ကို ယုံကြည်လို့မရဘူး၊ လုံးဝ လုံးဝ ပဲ” လို့ ဆိုထားပါတယ်။

“ဒီသီချင်း အောင်မြင်မှုက လူချမ်းသာတွေ အတွက်ပဲ ရပ်တည်နေတဲ့ အစိုးရကို လူတွေ ဘယ်လောက် စိတ်ပျက်နေသလဲ ဆိုတာ ပြတယ်” လို့ Captain Ska က ဘီဘီစီနယူးစ်ဘိကို ပြောပါတယ်။

ဒီသီချင်း အပေါ် ဘယ်လို တုံ့ပြန်မှတ်ချက် ပေးလိုသလဲဆိုတာကို ဝန်ကြီးချုပ်မေရဲ့ ရှေးရိုးစွဲ ကွန်ဆားဗတစ် ပါတီကို ဘီဘီစီက မေးမြန်းခဲ့ပေမယ့် ပြန်လည် ဖြေဆိုခြင်း မရှိသေးပါဘူး။

ဘီဘီစီမြန်မာပိုင်း
BBC Burmese
https://www.facebook.com/bbcburmese
ဝန်ကြီးချုပ်မေကို လူလိမ်လို့ စွပ်စွဲထားတဲ့ သီချင်း ယူကေမှာ ရေပန်းစားနေ ဝန်ကြီးချုပ်မေကို လူလိမ်လို့ စွပ်စွဲထားတဲ့ သီချင်း ယူကေမှာ ရေပန်းစားနေ Reviewed by THITHTOOLWIN on 14:19 Rating: 5
Powered by Blogger.