မိုရာမုန်တိုင်းကြောင့် နေအိမ် ၁ ထောင်နီးပါး ပျက်စီး

မိုရာမုန်တိုင်းကြောင့် စစ်တွေမြို့က ပျက်စီးသွားတဲ့နေအိမ်အချို့ မေလ ၃၁ ရက်နေ့က တွေ့ရစဉ်။ Photo: Min Thein Aung/ RFA
ဆိုင်ကလုန်းမုန်တိုင်း မိုရာ အရှိန်ကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ် နဲ့ ဧရာဝတီတိုင်း ဒေသကြီးတို့က စုစုပေါင်း နေအိမ် ၁ ထောင်နီးပါး ပျက်စီးခဲ့တယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ပြောပါတယ်။

နေအိမ်ပျက်စီးမှုတွေက ရခိုင်ပြည်နယ်များအများဆုံးဖြစ်တယ်လို့ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်း က ပြောပါတယ်။

"ရခိုင်ကတော့ ပျက်စီးမှုအများဆုံးပဲ၊ ရခိုင်မှာဆိုလို့ရှိရင် အိမ်အနေနဲ့ပြောမယ်ဆိုရင် လုံးဝ ပျက်စီး သွားတာ ၁၆၃ လုံးရှိတယ်၊ တစ်စိတ်တစ်ပိုင်း ပျက်စီးတာ ၇၄၆ ရှိတယ်၊ နောက်ဧရာဝတီ သူက မော်လမြိုင်ကျွန်း၊ ဖျာပုံ၊ ငပုတော သူက ၃ မြို့ဆိုလို့ရှိရင် အိမ်က လုံးဝပျက်စီးတာ ၂၂ ၊ တစ်စိတ် တစ်ပိုင်းပျက်စီးတာ ၁၄ ရှိတယ်၊ နောက် ချင်းပြည်နယ်မှာကျတော့ ဟားခါးရယ်၊ ထန်တလန်ရယ်၊ ဖလမ်းပေါ့၊ ဒါပေမဲ့ ဖလမ်းက လုံးဝပြိုကျ ပျက်စီးတာ ၁ လုံးပဲ ရှိတယ်၊ နောက်ဟားခါး မှာက အိမ်တစ်စိတ်တစ်ပိုင်းပျက်စီးတာ အိမ် ၁၄ လုံးရှိတယ်၊ ၀န်ထမ်းအိမ်ရာ ၅ ခုရှိတယ်၊ ထန်တလန်မှာကတော့ တစ်စိတ်တစ်ပိုင်းပျက်စီးတာ ၃၈ လုံးရှိတယ်"

ရခိုင်ပြည်နယ်က စစ်တွေ၊ ပေါက်တော၊ ရသေ့တောင်၊ တောင်ကုတ်၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ကျောက်ဖြူ၊၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း၊ မောင်တောနဲ့ သံတွဲ စတဲ့မြို့နယ်တွေမှာ နေအိမ်တွေ အမိုးလန်ပျက်စီးတာ၊ သာသနိကအဆောက်အအုံတွေ၊ ဌာနဆိုင်ရာအဆောက်အအုံတွေ၊ စာသင်ကျောင်းတွေ ပြိုကျ ပျက်စီးခဲ့တဲ့ အပြင် သောက်သုံးရေကန်တွေပါ ကျိုးပေါက်ပျက်စီးခဲ့တာ ဖြစ်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်း၊ ဖျာပုံ၊ ငပုတောနဲ့ မြန်အောင်မြို့နယ်တို့မှာ ဝန်ထမ်းအိမ်ရာတွေ၊ လူနေအိမ်တွေ ပြိုကျပျက်စီးခဲ့ပြီး မြန်အောင်မြို့ နယ်၊ ရွှေကျင်ကျေးရွာအုပ်စု ကျူတောလေးကျေးရွာ က ဒေသခံတစ်ဦး လယ်ကွင်းအတွင်း ပျိုးကြဲနေစဉ် မိုးကြိုးထိမှန် သေဆုံးခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

အဲဒီလို မုန်တိုင်းအရှိန်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ တိုင်းနဲ့ပြည်နယ်တွေအလိုက် သက်ဆိုင်ရာ အစိုးရအဖွဲ့၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာနနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးနေပါတယ်။

RFA Burmese
http://www.rfa.org/burmese
မိုရာမုန်တိုင်းကြောင့် နေအိမ် ၁ ထောင်နီးပါး ပျက်စီး မိုရာမုန်တိုင်းကြောင့် နေအိမ် ၁ ထောင်နီးပါး ပျက်စီး Reviewed by THITHTOOLWIN on 20:25 Rating: 5
Powered by Blogger.