လူသတ်၍ ဆိုင်ကယ်လုယက်ယူသူကို ပစ်ခတ်ဖမ်းဆီး


ရန်ကုန်တိုင်း ဒေသကြီး  ဒဂုံမြို့သစ်(အရှေ့)မြို့နယ်၊ (၁၁၈)ရပ်ကွက်၊ ဦးမြူလမ်းပေါ်ရှိ ရထားသံလမ်းအနီးတွင် မေလ ၁၉ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်က ဆိုင်ကယ်ကယ်ရီမောင်းနှင်သူ နေမျိုးထွန်း၊ (၄၀)နှစ်အား ဓားဖြင့်တိုက်ခိုက်သတ်ဖြတ်၍ ဆိုင်ကယ်လုယက်သွားသူကို ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးရာ ပြန်လည်ခုခံသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း သိရပါသည်။

ဖြစ်စဉ်မှာ ဒဂုံမြို့သစ်(အရှေ့)မြို့နယ်၊ (၁၂)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးမှ ၎င်းသည်တာဝန်ထမ်းဆောင်နေစဉ် မေလ ၁၉ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်တွင် ဆိုင်ကယ်စီးလာသူ အမျိုးသားတစ်ဦးမှ ဒဂုံမြို့သစ်(အရှေ့)မြို့နယ်၊ (၁၁၈)ရပ်ကွက်၊ ဦးမြူလမ်းပေါ်ရှိ ရထားသံလမ်းအနီးတွင် အမျိုးသားတစ်ဦး သွေးအိုင်ထဲတွင်လဲနေကြောင်း ပြောပြသိရှိရသဖြင့် ဒဂုံမြို့သစ်(အရှေ့)မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့်အတူ အဆိုပါနေရာသို့ သွားရောက်ကြည့်ရှုခဲ့ရာ ဒဂုံမြို့သစ်(အရှေ့)မြို့နယ်နေ ဆိုင်ကယ်ကယ်ရီမောင်းနှင်သူ နေမျိုးထွန်း၊(၄၀)နှစ်မှာ သွေးအိုင်ထဲတွင် ဘေးတစောင်း အနေအထားဖြင့် လဲကျနေသည်ကိုတွေ့ရှိရသည်။

 ၎င်းနှင့်အတူဆိုင်ကယ်စီးလာသူ အမျိုးသားအား အဆိုပါနေရာအနီး၌တွေ့ရှိရသဖြင့် မေးမြန်း
ခဲ့ရာ အမည်မသိအမျိုးသား(၃)ဦးမှ ဆိုင်ကယ်အားတားကာ ဓားဖြင့်ခုတ်ပြီး Wave-110 ဆိုင်ကယ်အားမောင်းနှင်ထွက်ပြေးသွားကြောင်းနှင့် ဒဏ်ရာရရှိသူ နေမျိုးထွန်းအား မြောက်ဥက္ကလာပဆေးရုံသို့ပို့ဆောင်ကာ ဆေးကုသမှုခံယူနေစဉ် ည ၁၁ နာရီ ၄၅မိနစ်အချိန်ခန့်တွင် သေဆုံးသွားကြောင်း သိရှိရသဖြင့် ယင်းသို့ကျူးလွန်သူများကို စုံစမ်းဖော်ထုတ် အရေးယူပေးရန် တိုင်တန်းချက်အရ ဒဂုံမြို့သစ်(အရှေ့)မြို့မရဲစခန်း (ပ)၄၀၀/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၄ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့သည်။


အမှုမှ ပြစ်မှုကျူးလွန်သူများအား ရဲတပ်ဖွဲ့ဝင်များက သတင်းရရှိသည်နှင့် တစ်ပြိုင်နက် ဖမ်းဆီးရမိရေးအတွက် အုပ်ချုပ်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ နယ်မြေအတွင်းပိတ်ဆို့ရှာဖွေဖမ်းဆီးခဲ့ရာ ပြစ်မှုကျူးလွန်ရာတွင်ပါဝင်သူ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေ သန့်ဇင်ဦး၊ (၃၄)နှစ်အား ယင်းနေ့ ည ၁၁ နာရီ ၅၀ အချိန်တွင် ဒဂုံမြို့သစ်(အရှေ့)မြို့နယ်၊ (၁၃၃)ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းနှင့် မောရ၀တီလမ်းထောင့်၌ တွေ့ရှိဖမ်းဆီးစဉ် ရဲတပ်ဖွဲ့ဝင်များအား ဓားဖြင့်ပြန်လည်ခုခံရန်ပြုသဖြင့် Pump Action ပြောင်းချောသေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရမိခဲ့ပါသည်။

 ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ပြီး ထွက်ပြေးလွတ်မြောက်နေသည့် ဟိန်းထက်ကို(ခ)ဟိန်းထက်ဇော်၊ (၂၁)နှစ်အား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များနှင့် အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ မေလ ၂၀ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် ၎င်းနေထိုင်ရာ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ (၆၉)ရပ်ကွက်နေအိမ်မှ ဖမ်းဆီးရမိခဲ့ပါသည်။

အမှုမှ ဖမ်းဆီးရမိသူ ၂ ဦးအား ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးဆောင်ရွက် လျက်ရှိပြီး ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ပြီး လွတ်မြောက်နေသူ ၁ ဦးအား ပိတ်ဆို့ရှာဖွေ ဖမ်းဆီးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်

လူသတ်၍ ဆိုင်ကယ်လုယက်ယူသူကို ပစ်ခတ်ဖမ်းဆီး လူသတ်၍ ဆိုင်ကယ်လုယက်ယူသူကို ပစ်ခတ်ဖမ်းဆီး Reviewed by THITHTOOLWIN on 16:32 Rating: 5
Powered by Blogger.