မန်ချက်စတာ ဂီတပွဲ ပေါက်ကွဲမှု အနည်းဆုံး ၁၉ဦးသေ

မန်ချက်စတာ မြို့လယ်မှာ လက်နက်ကိုင်ရဲတွေ ကင်းလှည့်နေ
ဗြိတိန်နိုင်ငံ မန်ချက်စတာ မြို့က ပေါ့ပ်ဂီတ ဖျော်ဖြေပွဲတခုမှာ အကြမ်းဖက်မှု တိုက်ခိုက်မှုလို့ ယူဆရတဲ့ ပေါက်ကွဲမှု အတွင်း အနည်းဆုံး လူ ၁၉ဦး သေဆုံးခဲ့ပြီး ၅၀ကျော် ဒဏ်ရာ ရခဲ့တယ်လို့ ရဲက ပြောပါတယ်။

အမေရိကန် အဆိုတော် Ariana Grande ရဲ့ ဂီတ ဖျော်ဖြေပွဲ အဆုံး ဒေသစံတော်ချိန် ည၁၀နာရီ ၃၅မိနစ်လောက်မှာ ပေါက်ကွဲသံ ထွက်ပေါ်လာအပြီး လူတွေ ထိတ်လန့်တကြား ထွက်ပြေးခဲ့ကြတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

Manchester Arena ပွဲခင်းရုံကြီးရဲ့ အဝင်ဝတခုမှာ စောင့်ဆိုင်းနေတဲ့ အမျိုးသားတဦးက ပေါက်ကွဲမှုကြောင့် မီတာအတော်ဝေးဝေးကို သူလွင့်ထွက်သွားခဲ့ကြောင်းနဲ့ သူထရပ်လိုက်တဲ့အချိန်မှာ လူအများအပြား ကြမ်းပြင်မှာ ပြန့်ကျဲနေတာ တွေ့ရကြောင်း ပြန်ပြောပြပါတယ်။

ဗြိတိန် ဝန်ကြီးချုပ် ထရီစာ မေက ထိခိုက်သေဆုံးခဲ့သူတွေ၊ ကျန်ရစ်သူ မိသားစုတွေနဲ့ ထပ်တူ ထပ်မျှ ဝမ်းနည်းမိတယ်လို့ ပြောကြားလိုက်ပြီး ဒီတိုက်ခိုက်မှုဟာ ဆိုးရွားတဲ့ အကြမ်းဖက် တိုက်ခိုက်မှု တခု ဖြစ်တယ်လို့ ဖေါ်ညွှန်းပြောဆိုခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုဟာ အသေခံ ဗုံးခွဲသမား တဦးရဲ့ လက်ချက် ဖြစ်တယ်လို့ အမည်မဖေါ်လိုတဲ့ အမေရိကန် အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ် နှစ်ဦးက ပြောကြောင်း အတည်မပြုရသေးတဲ့ သတင်းတွေက ဆိုပါတယ်။

အခုအခါ မန်ချက်စတာ မြို့လယ်ကို အတားအဆီးတွေနဲ့ ကာရံထားလိုက်ပြီး လက်နက်ကိုင် ရဲတွေ ကင်းလှည့်နေပါတယ်။

အနားက မီးရထားဘူတာရုံက ရထားခရီးစဉ်တွေကိုလည်း ဆိုင်းငံ့ထားလိုက်ပြီ ဖြစ်ပါတယ်။

အိမ်မပြန်နိုင်ပဲ လမ်းမှာ သောင်တင်နေတဲ့ ဂီတပွဲ လာသူတွေကို မြို့ခံ တချို့က လူမှု ကွန်ရက်ပေါ်ကနေတဆင့် တည်းဖို့ နေရာ ကမ်းလှမ်းခဲ့ကြသလို အငှားကားမောင်းသမားတွေကလည်း ကားခမယူပဲ သွားလိုရာကို အခမဲ့ မောင်းပို့ပေးခဲ့ကြပါတယ်။

BBC Burmese
http://www.bbc.com/burmese
မန်ချက်စတာ ဂီတပွဲ ပေါက်ကွဲမှု အနည်းဆုံး ၁၉ဦးသေ မန်ချက်စတာ ဂီတပွဲ ပေါက်ကွဲမှု အနည်းဆုံး ၁၉ဦးသေ Reviewed by THITHTOOLWIN on 08:55 Rating: 5
Powered by Blogger.