ဟင်္သာတမြို့နယ်တွင်းရှိ ထူးဆန်းစွာ မီးထတောက်နေသည့်နေအိမ်အား ဒေသတာဝန်ရှိသူများက အနီးကပ်ကြီးကြပ်၍ ဖြစ်စဉ်အား အသေးစိတ်စစ်ဆေးနေ |
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ ပန်းဘဲတန်းရပ်ကွက် ဇောတိကလမ်းရှိ ဦးရဲထွန်း၏နေအိမ်တွင် အလိုအလျောက် ထူးဆန်းစွာမီးထတောက်မှုဖြစ်စဉ်များ ဖြစ်ပွားနေမှုကြောင့် ဒေသအာဏာပိုင်နှင့် တာဝန်ရှိသူများက မေလ ၂၂ ရက်က မီးတောက်များဖြစ်ပေါ်သည့် နေရာများအား အသေးစိတ်စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟင်္သာတခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီး တင့်ဝေ၊ဟင်္သာတတက္ကသိုလ် ဓာတုဗေဒဌာနမှ ကထိက ဒေါက်တာထွန်းထွန်းနိုင်၊ ဦးစောစတီဗင်(မော်ကွန်းထိန်း)နှင့် ဘူမိဗေဒနှင့် ရူပဗေဒမှ သရုပ်ပြဆရာများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့မရဲစခန်းမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးတောက်များဖြစ်ပေါ်သည့် နေရာများအား ကြည့်ရှုစစ်ဆေးပြီး ဓာတုဗေဒဓာတ်ကြွင်းများကြောင့် မီးထတောက်မှုများ ဖြစ်ပွားနိုင်သည့် အခြေအနေတို့ကို အသေးစိတ်စစ်ဆေးမှုများပြုလုပ်ခဲ့သည်။
ဟင်္သာတတက္ကသိုလ် ဓာတုဗေဒဌာနမှ ကထိကဒေါက်တာထွန်းထွန်းနိုင်က အိမ်တိုင်များ အခန်းများ၊ အိမ်အပေါ်ထပ်များ၊ အိမ်နံရံများနှင့် ဘေးအကာများကို ကြည့်သည့်အခါ သစ်သားများမှာ ကွက်ပြီး မီးလောင်ကျွမ်း ထားသည်ကို တွေ့ရှိခဲ့ကြောင်း မိလ္လာကျင်းများတွင် ဂစ်(စ်)များရှိသည့်အတွက် မြေကြီးနမှုနာ၊ ရေနှင့် မီးကျွမ်းသစ်သားစများအား ဓာတ်ခွဲစမ်းသပ်ပြီးမှ ဆုံးဖြတ်လို့ရမည်ဖြစ်ကြောင်း ပြောသည်။
ဟင်္သာတမြို့ ပန်းပဲတန်းရပ်ကွက် ဇောတိကလမ်းက ဦးရဲထွန်းဦး၏ နေအိမ်၌ မေ ၁၃ ရက် မွန်းလွဲ(၃)နာရီမှစ၍ အဆိုပါ မီးထတောက်မှုဖြစ်စဉ်များ နေအိမ်၏ နေရာတော်တော်များများတွင် အကြိမ်ကြိမ်ဖြစ်ပေါ်နေမှုကြောင့် မီးသတ်တပ်ဖွဲ့ဝင်များနဲ့ ရပ်ကွက်နေပြည်သူများက မီးတောက်ကတစ်ဆင့် မီးလောင်မှုမဖြစ်ပွားစေရေး အနီးကပ်ကြီးကြပ်ပြီး ၀ိုင်းဝန်းစောင့်ရှောက်ပေးလျက်ရှိသည်။
ထူးဆန်းစွာနေအိမ်အနှံ့မီးတောက်များဖြစ်ပေါ်နေမှုနှင့်ပတ်သက်၍ "နေအိမ်တွေမှာရှိတဲ့ရေတွင်းပျက်တွေ၊ လူနဲ့တိရိစ္ဆာန်တွေအညစ်အကြေးစွန့်တဲ့ မိလ္လာကျင်းဟောင်းတွေဟာ နေရဲ့အပူရှိန်ကြောင့် ဓာတ်ငွေ့တွေဖြစ်ပေါ်ပြီး မီးလောင်မှုတွေဖြစ်ပွားတတ်ပါတယ်။ ပတ်ဝန်းကျင်တွင်လည်း (ဖော့စဖရပ်)အမှုံတွေရှိခဲ့ရင်လည်း လူနှင့်တိရိစ္ဆာန်တွေက သယ်ဆောင်လာတတ်ပြီး အိမ်တွင်းရှိအရာဝတ္ထုတွေကို ထိတွေ့ရာမှ မီးထတောက်လောင်မှုများလည်း ဖြစ်တတ် ပါတယ် " ဟု မြို့နယ်မီးသတ်တပ်ဖွဲ့ လက်ထောက်ဦးစီးမှူးဦးမင်းမျိုးထွန်းက လေ့လာသုံးသပ် ပြောပြသည်။
အဆိုပါနေအိမ်တွင် ထူးဆန်းစွာမီးထတောက်လောင်မှု(၁၀)ကြိမ်ခန့် ဖြစ်ပေါ်နေပြီး အိမ်ပိုင်ရှင်မိသားစုဝင်များနဲ့ ပတ်ဝန်းကျင်နေအိမ်များမှာ မီးထတောက်မှုနေကနေ မီးလောင်မှုဖြစ်ပွားလာမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဟင်္သာတမြို့နယ်တွင်းရှိ ထူးဆန်းစွာ မီးထတောက်နေသည့်နေအိမ်အား အသေးစိတ်စစ်ဆေးနေ
Reviewed by THITHTOOLWIN
on
17:54
Rating: