ကားတင်ပြေးခံရသည့် ကန္တာရဝတီတိုင်း(မ်) သတင်းထောက် မော်ဦးမြာ၏ ကျန်းမာရေး

ကာယကံရှင်၏ သဘောထားဆန္ဒမပါဘဲ ကားပေါ်တင်ဆောင်သွားပြီး ယင်းကား မတော်တဆဖြစ်မှုတွင် ပါဝင်ခဲ့သော ကန္တာရဝတီတိုင်း(မ်) သတင်းထောက် မော်ဦးမြာ၏ ကျန်းမာရေးအခြေအနေကို စာဖတ် ပရိသတ်များထံ ထုတ်ပြန်ခြင်း။
မေလ ၂၆ ရက်နေ့က လွိုင်ကော်-ဒီးမော့ဆို သွားကားလမ်း မိုင်တိုင်အမှတ် (၁၂၃/၀) နှင့် (၁၂၃/၁) အကြားတွင် ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုတွင် ပါဝင်ခဲ့သည့် မိမိတို့ ကန္တာရဝတီတိုင်း(မ်)၏ အမျိုးသမီးသတင်းထောက် မော်ဦးမြာသည် ကယား(ကရင်နီ)ပြည်နယ်မှ ငြိမ်းချမ်းရေးဖြစ်စဉ်၊ လွှတ်တော် စောင့်ကြည့်ရေး၊ နိုင်ငံရေး၊ အမျိုးသမီးရေး၊ မြေယာကိစ္စ၊ စီးပွားရေးနှင့် ကျန်းမာရေး စသည့် သတင်းများကို တစ်လ နှစ်ကြိမ်ထုတ်ဝေသည့် မိမိတို့ ဂျာနယ်တွင် ရေးသားနေသူ (အချိန်ပြည့် ဝန်ထမ်း) ဖြစ်သည်။ ထို့အပြင် မော်ဦးမြာသည် DVB ရုပ်မြင်သံကြားတွင် အပတ်စဉ်ထုတ်လွင့်နေသည့် ကရင်နီဘာသာ တိုင်းရင်းသား ရုပ်သံအစီအစဉ်အတွက် ရုပ်သံသတင်းများ ရိုက်ကူး၊ ထုတ်လုပ်နေသူဖြစ်သည်။

ရဲမှတ်တမ်းများအရ အမျိုးသား နှစ်ဦးသည် လွိုင်ကော်မှ ဒီးမော့ဆိုအပြန်လမ်းတွင် မော်ဦးမြာ လိုက်ပါ စီးနင်းလာသော မော်တော်ဆိုင်ကယ်၏ အရှေ့တွင် ကန့်လန့်ဖြတ် ရပ်ကာ ခြိမ်းခြောက်ပြောဆိုမှုများ ပြုလုပ်ပြီး ကာယကံရှင်၏ သဘောထားဆန္ဒမပါဘဲ ကားပေါ်ဆွဲတင်၍ မောင်းနှင်ရာမှ ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မေလ ၂၆ ရက်နေ့ ညနေ ၅ နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့ရာ မော်ဦးမြာသည် သတိမေ့သွားသောကြောင့် ဒီးမော့ဆိုဆေးရုံကြီးမှ အရေးပေါ်ကုသမှုများ ပြုလုပ်ပြီး ညတွင်းချင်းပင် ဒီးမော့ဆိုဆေးရုံးကြီးမှတဆင့် (ကုတင် ၅၀၀)အထွေထွေကုသရေးပြည်သူ့ဆေးရုံးကြီး(လွိုင်ကော်မြို့)သို့ အရေးပေါ် ပို့ဆောင်ခဲ့ရသည်။ လက်ရှိတွင် အဆိုပါ ပြည်သူ့ဆေးရုံကြီးတွင် လုံခြုံရေးများဖြင့် ဆေးကုသမှု ခံယူနေရသည်။

၃ ရက်မြောက်ပြီဖြစ်သော်လည်း ယခုအချိန်အထိ စကားပြောနိုင်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုတို့ ပြုလုပ်နိုင်ခြင်းမရှိသေးဘဲ မျက်လုံးသာ ဖွင့်ပြီး မကြာခဏဆိုသလို ထိတ်လန့်နေသည့် လက္ခဏာများ ဖြစ်နေသည်။ အသက်ရှူရန်အတွက် အောက်စီဂျင်ကို အဆက်မပြတ် ပေးနေရပြီး စိတ်ပိုင်းဆိုင်ရာနှင့် မှတ်ဥာဏ်မှာလည်း ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိခြင်း မရှိသေးဘဲ အစားအစာများ စားသောက်နိုင်ခြင်း မရှိသေးပါ။ ဆေးရုံးဝန်ထမ်းများမှလည်း အချိန်ပြည့် လူနာ၏ တိုးတက်မှုဖြစ်စဉ်ကို စောင့်ကြည့်ကုသပေးလျှက်ရှိသည်။

သို့သော် ဆေးစစ်ချက်အဖြေများကိုမှု မိသားစုဝင်အပါအဝင် သက်ဆိုင်ရာ ဒီးမော့ဆိုမြို့မ ရဲစခန်းမှ ရရှိခြင်း မရှိသေးပါ။

မိမိတို့ ကန္တာရဝတီတိုင်း(မ်)အနေဖြင့် စိုးရိမ်ပူပန်မှုများရှိနေပြီး မော်ဦးမြာ ချစ်မြတ်နိုးသည့် သတင်းသမား အလုပ်ကို ပုံမှန်အတိုင်း ပြန်လည် လုပ်ကိုင်လာနိုင်ရန် အစွမ်းကုန် ကြိုးစား ကူညီနေပါသည်။

ထို့ကြောင့် ကန္တာရဝတီတိုင်း(မ်) ကို အားပေးကြပါသော စာဖတ်ပရိသတ်များအနေဖြင့် မော်ဦးမြာ၏ ကျန်းမာရေးအခြေအနေ ပြန်လည် ကောင်းမွန်ကာ မော်ဦးမြာ ချစ်သော စာဖတ်ပရိသတ်များအတွက် သူချစ်သော သတင်းသမား အလုပ်ဖြင့် သတင်းများ ပြန်လည် တင်ဆက်နိုင်စေရန် ဆုတောင်းပေးခြင်းဖြင့် ကူညီပေးကြဖို့ မေတ္တာရပ်ခံပါသည်။

မော်ဦးမြာ၏ ကျန်းမာရေး အခြေအနေ တိုးတက်မှုများကို အချိန်နှင့် တပြေးညီ ဆက်လက်တင်ပြသွားပါမည်။

ကန္တာရဝတီတိုင်း(မ်) ဝိုင်းတော်သားများ
Kantarawaddy Times
https://www.facebook.com/kantarawaddytimes
ကားတင်ပြေးခံရသည့် ကန္တာရဝတီတိုင်း(မ်) သတင်းထောက် မော်ဦးမြာ၏ ကျန်းမာရေး  ကားတင်ပြေးခံရသည့် ကန္တာရဝတီတိုင်း(မ်) သတင်းထောက် မော်ဦးမြာ၏ ကျန်းမာရေး Reviewed by THITHTOOLWIN on 06:36 Rating: 5
Powered by Blogger.