ထိုင်းနိုင်ငံဖူးကက် ပင်လယ်ပြင်အတွင်း နစ်မြုပ်ခဲ့သည့် မြန်မာကုန်တင်လှေ လုပ်သားများ လာရောက်လွဲပြောင်းပေးအပ်


ကော့သောင်း ၊ မေ ၂၆ ရက်

လွန်ခဲ့သည့် မေလ ၂၄ ရက်နေ့ ညနေပိုင်းက ထိုင်းနိုင်ငံ ၊ ဖူးကက်ခရိုင် ပင်လယ်ရေပြင်အတွင်း နစ်မြုပ်ခဲ့သည့် မြန်မာနိုင်ငံသားပိုင် ကုန်တင်ရေယာဉ် မှ လှေလုပ်သား (၁၄)ဦး အား ထိုင်းနိုင်ငံ ရနောင်းမြို့ မှတဆင့် ထိုင်းနိုင်ငံ တာဝန်ရှိအဖွဲ့အစည်းများမှ မေလ ၂၆ ရက် ညနေပိုင်းတွင် ကော့သောင်းမြို့ သို့ လာရောက်လွဲပြောင်းအပ်နှံခဲ့ကြောင်းသိရသည်။


အောင်စိန်မြတ် အမည်ရှိ သစ်သားဖြင့်တည်ဆောက်ထားသည့် ကုန်တင်လှေသည် မြိတ်မြို့ မှ ကုန်ပစ္စည်းများတင်ဆောင် လျှက် တရားဝင် ထွက်ခွာခဲ့ပြီး ထိုင်းနိုင်ငံ မှတဆင့် မလေးရှားနိုင်ငံပီနန်မြို့သို့ဆက်လက်ထွက်ခွာခဲ့ကြောင်း ၊ ပီနန်မြို့ မှ စားအုန်းဆီ နှင့် အခြားစားသုံးကုန်ပစ္စည်းများတင်ဆောင်ကာ မြန်မာနိုင်ငံသို့ မေလ၂၃ ရက်နေ့ က ပြန်လည်ထွက်ခွာလာစဉ် မေလ ၂၄ ရက်နေ့ညနေပိုင်း အချိန် ထိုင်းနိုင်ငံရေပိုင်နက် ဖူးခက်ခရိုင် ကော့ရချာကျွန်း မှ ရေမိုင်၂၀ ခန့်အကွာ ပင်လယ်ပြင် တွင် ရာသီဥတုဆိုးရွား လှိုင်းထန် ကာ လှေဝမ်းဗိုက်ပေါက် နစ်မြုပ်ပြီး လှေလုပ်သား(၁၄)ဥိး အသက်ကယ်ဖေါင်ဖြင့် မျောပါနေစဉ် အနီးအနား ငါးဖမ်းဝါလပ်လှေတစ်စီးမှ ကယ်တင်ကာ ထိုင်း တော်ဝင်ရေတပ်မတော် နှင့် ကမ်းခြေစောင့် ရဲတပ်ဖွဲ့သို့ လွဲပြောင်းပေးအပ်ခဲ့ကြောင်း ၊ ဖူးခက်မြို့ မှတဆင့် မြန်မာနိုင်ငံနယ်စပ် ရနောင်းမြို့ သို့ပို့ဆောင်ပေးခဲ့ပြီး ယနေ့ မေလ ၂၆ ရက်နေ့ ညနေပိုင်းတွင် မြန်မာအလုပ်သမားသံအရာရှိ နှင့် ထိုင်း-မြန်မာ နယ်ခြားကော်မတီ တာဝန်ရှိအဖွဲ့အစည်းများ မှ မြန်မာနိုင်ငံ ကော့သောင်းမြို့သို့ လှေလုပ်သား(၁၄)ဦးအား လာရောက်လွဲပြောင်းပေးအပ်ခြင်းဖြစ်သည်။


လာရောက်လွှဲပြောင်းအပ်နှံသည့် မြန်မာနိုင်ငံသား လှေလုပ်သား များအား ကော့သောင်းခရိုင် ၊ အုပ်ချုပ်ရေးမှူး ဦးကျော်သက် နှင့် တာဝန်ရှိအဖွဲ့အစည်းများမှ လက်ခံ ပြီး ဖြစ်စဉ်နှင့် စပ်လျဉ်း၍ မေးမြန်းကာ မြန်မာနိုင်ငံသားလှေလုပ်သားများအား လိုအပ်သည့်ကူညီပံ့ပိုးမှုများဆောင်ရွက်ပေးပြီး မိဘရပ်ထံ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

Iprd Kawthoung Iprd
ထိုင်းနိုင်ငံဖူးကက် ပင်လယ်ပြင်အတွင်း နစ်မြုပ်ခဲ့သည့် မြန်မာကုန်တင်လှေ လုပ်သားများ လာရောက်လွဲပြောင်းပေးအပ် ထိုင်းနိုင်ငံဖူးကက် ပင်လယ်ပြင်အတွင်း နစ်မြုပ်ခဲ့သည့် မြန်မာကုန်တင်လှေ လုပ်သားများ လာရောက်လွဲပြောင်းပေးအပ် Reviewed by THITHTOOLWIN on 18:48 Rating: 5
Powered by Blogger.