တရုတ်ကြားဝင်မှုကတိအတိုင်း ဖြစ်မလာ - တရုတ်ယူနန်သို့ မြောက်ပိုင်းကိုယ်စားလှယ်များ ယနေ့တပ်ရုပ်ပြန်

Photo : BBC - ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့
မေ ၂၇ ရက် ၂၀၁၇

နေပြည်တော် ၌ ကျင်းပသည့် ၂၁ ရာစု ပင်လုံ ဒုတိယ အကြိမ် ငြိမ်းချမ်းရေးညီလာခံသို့ ကိုယ်စားလှယ် အပြည့်ဖြင့်တက်ရောက်ပြီး တန်းတူညီမျှ တင်ပြဆွေးနွေးခွင့် ရမည်ဆိုသည့် တရုတ်အစိုးရ၏ ကြားဝင်မှု ကတိအတိုင်း ဖြစ်မလာဟု ယနေ့ နေပြည်တော်မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ ဆုတ်ခွာသည့် မြောက်ပိုင်း မဟာမိတ်အဖွဲ့များက ပြောသည်။

“တရုတ်အစိုးရ အဆင့်မြင့်အရာရှိ ဆွန်ကော်ရှီကနေကြားဝင်ပေးလို့ ဒီညီလာခံကိုတက်ဖို့လာတာ။ လာ တုန်းကတော့ ကိုယ်စားလှယ်အပြည့် အဆင့်နဲ့ တက်ရောက်ရမယ်။ တင်ပြဆွေးနွေးမှုလဲ တန်းတူ အခွင့် အရေးရမယ် လို့ ပြောတယ်။ ဒီရောက်တော့ ဖြစ်မလာဘူး။ ဖြစ်မလာတော့ ကျနော်တို့လဲ ညီလာခံဆက် မတက်ဘူး။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် နိုင်ငံတော် အတိုင်အပင်ခံ ဒေါ်ဆောင်ဆန်းစုကြည် နဲ့ သီးသန့် တွေ့ ခွင့်ရတော့ အောင်မြင်တဲ့ ပထမ ခြေလှမ်းဘဲ။ ကျေနပ်ပါတယ်” - ဟု ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံ စဉ်ပါဝင်သည့် အရာရှိတဦးက ပြောပါသည်။

၂၁ ရာစု ပင်လုံ ဒုတိယ အကြိမ် ငြိမ်းချမ်းရေးညီလာခံ ဖွင့်ပွဲနေ့တွင် တက်ရောက်ပြီး တန်းတူ အခွင့် အရေးမရရှိဟု ဆိုကာ ဒုတိယ နေ့ မှ စ၍ ဆက်မတက်သည့် မြောက်ပိုင်းမဟာမိတ် ကိုယ်စားလှယ် များသည် မေ ၂၆ ရက်နေ့ က နိုင်ငံတော် အတိုင်အပင်ခံ ဒေါ်အောင်ဆန်းစုကြည် နှင့် သီးသန့် တွေ့ ဆုံခွင့်ရသည်။

ထိုတွေ့ဆုံမှုတွင် ဒေါ်အောင်ဆန်းစုကြည်မှ မြောက်ပိုင်းမဟာမိတ်များအား ပြုပြင်လိုသည့် NCA စာချုပ်ပါ အချက်များအား ပြုပြင်ကာ NCA လမ်းကြောင်းဖြင့် နိုင်ငံရေး ဆွေးနွေးပွဲသို့ သွားစေလို ကြောင်း၊ မည်သို့ပင်ဆိုစေ ဆက်လက်တွေ့ဆုံနိုင်ရေးအတွက် အစိုးရ မှ ကော်မတီတရပ်ဖွဲ့ သွားမည်ဖြစ်ကြောင်း ပြောကြားသည်ဟု သိရသည်။

“ဒီခရီးက ၀ ဦးဆောင်ပြီးလာတာလေ။ ကျနော်တို့ ၀ အနေနဲ့ အပစ်ရပ်လာတဲ့ နှစ် ၂၀ ကာလ ပတ်လုံး တိုက်ပွဲ တခါမှ မဖြစ်ဘူး။ ဘာလို့ အပစ်ရပ်လက်မှတ်ထိုးဖို့လိုလဲပေါ့။ ကျနော်တို့ကတော့ NCA ကို မဖြတ်ဘဲ တခြားနည်းလမ်းနဲ့ နိုင်ငံရေးဆွေးနွေးပွဲကိုဘဲ သွားလိုတယ်၊ ဒီအတိုင်း ဆောင်ရွက်သွား နိုင်ဖို့ လဲ ကျနော်တို့မှာ ကော်မတီဖွဲ့ထားပြီလေ၊ အပေါင်းလက္ခဏာဆောင်တာတော့ အစိုးရလဲ ကျနော်တို့နဲ့ တွေ့ဖို့ကော်မတီ တရပ်ဖွဲ့မယ် ဆိုတာတော့ ကောင်းတာပေါ့” - ဟု အဆိုပါအရာရှိက ပြောသည်။

ဝ လက်နက်ကိုင် UWSA ပြင်ပ ဆက်ဆံရေးမှူး ကျောက်ကော်အန်း ဦးဆောင်သည့် မြောက်ပိုင်းအဖွဲ့ အမည်ရ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးရေးကိုယ်စားလှယ်များမှာ ကချင်တပ် KIA - ဗိုလ်ချုပ်ကြီး အန်ဘန်းလှ၊ သျှမ်းပြည်မြောက်ပိုင်း တပ်မတော် SSPP/SSA - ဗိုလ်ချုပ်ခွန်ဆိုင်၊ မိုင်းလား NDAA - စန်းပေ၊ ခွန်ဆန်လူ နှင့် ကိုးကန့်တပ် MNDAA၊ တအာင်းပလောင် TNLA နဲ့ ရခိုင်တပ် AA တို့မှ ကိုယ်စားလှယ်များပါဝင်သည်။

မေ ၂၄ - ၂၈ ရက်နေ့ အထိ နေပြည်တော် ၌ ၅ ရက်ကြာ ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်း ရေးညီ လာခံ သို့မဟုတ် ၂၁ ရာစု ပင်လုံညီလာခံ ဒုတိယအကြိမ် တွင် ပြည်နယ်ဖွဲ့စည်းပုံ နှင့် ပြည်နယ် သစ် ပေါ်ထွက်ရေး အပါဝင် ပြည်ထောင်စုမှ မည်သောအခါမှ ခွဲမထွက်ရ စသည့် အကြောင်းအရာများ ဆွေးနွေးနေသည်။ အဆိုပါ ညီလာခံသို့ အပစ်ရပ်ထားသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ တပ်ကိုယ်စားလှယ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ အစိုးရကိုယ်စားလှယ်များ တက်ရောက်တော်လည်း တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ်ရေးထိုးရန် ပြင်ဆင်နေ သည့် ညီညွှတ်သော တိုင်းရင်းသားလူများများ ဖက်ဒရယ်ကောင်စီ UNFC တပ်ဖွဲ့ဝင်များ တက်ရောက် ချင်းမရှိပေ။

သျှမ်းသံတော်ဆင့်
Panglong(Burmese)
https://www.facebook.com/Panglong.burmese
တရုတ်ကြားဝင်မှုကတိအတိုင်း ဖြစ်မလာ - တရုတ်ယူနန်သို့ မြောက်ပိုင်းကိုယ်စားလှယ်များ ယနေ့တပ်ရုပ်ပြန် တရုတ်ကြားဝင်မှုကတိအတိုင်း ဖြစ်မလာ - တရုတ်ယူနန်သို့ မြောက်ပိုင်းကိုယ်စားလှယ်များ ယနေ့တပ်ရုပ်ပြန် Reviewed by THITHTOOLWIN on 18:18 Rating: 5
Powered by Blogger.