ရွှေညောင်မြို့ရှိ လက်ဖက်ရည်ဆိုင်အတွင်း လမ်းချော်ဝင်ရောက်လာသည့် ကျောက်မီးသွေးတင် တွဲကားကြောင့် တပ်မတော်သားတစ်ဦး သေဆုံး


ရှမ်းပြည်နယ်တောင်ပိုင်း ၊ ရွှေညောင်မြို့ အောင်သပြေ စဥ့်ဟယ်ရပ်ကွက်တွင် မေလ (၃၁) ရက်နေ့ နံနက် (၆) နာရီ (၃၀) မိနစ်ဝန်းကျင်က ကျောက်မီးသွေးတင်ဆောင်လာသော တွဲကားသည် အရှိန်ဖြင့် လမ်းချော်ပြီး လမ်းလျှောက် နေသည့် တပ်မတော်သားတစ်ဦးအား တိုက်မိပြီး လမ်းဘေးမှ လက်ဖက်ရည်ဆိုင်တွင်း ထိုးဝင်သွားကြောင်း ရွှေညောင်နယ်မြေရဲစခန်းမှ သိရသည်။


“ အောင်သပြေ စဥ့်ဟယ်ရပ်ကွက်ထဲမှာ ဖြစ်တာပါ။ ကျောက်မီးသွေးတင်တဲ့ကားက တောင်ကြီးဘက်ကနေ လာတာပါ။ ကျောက်မီးသွေးတွေလည်း သယ်လာတယ်။ ကားကလည်း အရှိန်နဲ့လာတော့ မထိန်းနိုင်ဘဲနဲ့ လမ်းချော်ပြီး အောင်စိုးမိုးလက်ဖက်ရည်ဆိုင်ထဲ ၀င်သွားတယ်။ ၀င်သွားတဲ့အခါမှာ လမ်းမှာ လမ်းလျှောက်နေတဲ့ စစ်သည် တပ်ကြပ် စောအလွင် (ရွှေညောင်မြို့ ထောက်ပို့တပ်က)ကို တိုက်မိတယ်။ ဆိုင်ထဲမှာတော့ ဘယ်သူမှ မရှိပါဘူး။ စစ်သည်ကတော့ အဲဒီမှာတင် ပွဲချင်းပြီး ဆုံးသွားပါတယ်။ ယာဉ်မောင်း နာမည်က သန်းတင့်ဆွေ (၃၂) နှစ်၊ ယာဉ်နောက်လိုက်က အောင်နိုင်စိုးပါ။ သူတို့ နှစ်ဦးကတော့ ခြေသလုံးမှာ ဒဏ်ရာရသွားပါတယ်။ အခုကျွန်တော်တို့ စစ်ဆေးဖို့လုပ်နေပါတယ်” ဟု ရွှေညောင်နယ်မြေရဲစခန်း ဒုရဲအုပ်ဇာနည်မျိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။


အဆိုပါ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်အား ရွှေညောင်နယ်မြေရဲစခန်းတွင် ယ(ပ) ၁၄/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/၃၃၈/၃၀၄-က အရ အရေးယူ ဆောင်ရွက်ထားကြောင်းသိရသည်။

သတင်း - နိုနို
ဓာတ်ပုံ - Kotoe Taunggyi(FB)
Tachileik News Agency
http://www.tachileik.net
ရွှေညောင်မြို့ရှိ လက်ဖက်ရည်ဆိုင်အတွင်း လမ်းချော်ဝင်ရောက်လာသည့် ကျောက်မီးသွေးတင် တွဲကားကြောင့် တပ်မတော်သားတစ်ဦး သေဆုံး ရွှေညောင်မြို့ရှိ လက်ဖက်ရည်ဆိုင်အတွင်း လမ်းချော်ဝင်ရောက်လာသည့် ကျောက်မီးသွေးတင် တွဲကားကြောင့် တပ်မတော်သားတစ်ဦး သေဆုံး Reviewed by THITHTOOLWIN on 14:09 Rating: 5
Powered by Blogger.