တရားလွှတ်တော်ရှေ့နေ ဦးကိုနီအား သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံမှုတွင် လိုပြသက်သေတစ်ဦးအား စစ်ဆေး


ရန်ကုန် မေ ၂၆

ရန်ကုန်မြို့အပြည်ပြည်ဆိုင်ရာလေဆိပ်၌ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ အား သေနတ်ဖြင့်ပစ်ခတ် လုပ်ကြံမှုတွင် သေနတ်သမား ကြည်လင်းနှင့်အတူဖမ်းဆီးခံထားရသော အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ ဇော်ဝင်းထွန်း တို့အား ယနေ့ နံနက် ၁ဝ နာရီခွဲခန့်က အင်းစိန်မြို့နယ်ရှိ ရန်ကုန်မြောက်ပိုင်း ခရိုင် တရားရုံးသို့ ရုံးထုတ်လာရာ လိုပြသက်သေတစ်ဦး စစ်ဆေးခဲ့ ကြောင်း သိရသည်။

ယင်းအမှုနှင့်ပတ်သက်ပြီး ရာဇဝတ်မှုကြီးမှုအမှတ်(၄၆/၂ဝ၁၇)အရ လက်နက်မှုနှင့် တရားစွဲထားသည့် ကြည်လင်းနှင့် အောင်ဝင်းဇော်တို့အား လက်နက်ဥပဒေပုဒ်မ ၁၉(ဃ)(စ)လူသတ်မှုတွင် အရပ်သားသက်သေ လိုပြ ဦးမြင့်ဇော်အား စစ်ဆေးခဲ့ကြောင်းနှင့် အမှုအား ဇွန် ၂ ရက် နောက် အပတ် သောကြာနေ့ ချိန်းဆိုထားကြောင်း ပြန်ကြားရေးအရာရှိတစ်ဦး ထံမှ သိရသည်။

မြောက်ပိုင်းခရိုင် ဒုတိယခရိုင်တရားသူကြီး သတင်းနှင့်ပြန်ကြားရေး အရာရှိ ဦးရဲလွင် ရှင်းလင်းပြောကြားရာမှာ ''အရင်က ဒုခရိုင်တရားသူကြီး ဦးခင်မောင်မြင့် နေရာကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရပါတယ်။ ရာဇဝတ်မှုကြီးမှုအမှတ် (၄၅/၂ဝ၁၇)လူသတ်မှုနဲ့ပတ်သက်ပြီး ပထမအနေ နဲ့ သေဆုံးသူတက္ကစီယာဉ်မောင်း ဦးနေဝင်း၏ဇနီး မစုသက်ခိုင်ရဲ့ ရှေ့နေ ကိုယ်စားလှယ်စာတင်သွင်းပါတယ်။ ခရိုင်ဥပဒေရုံးထောက်ခံချက်လည်း ပါတယ်။ အကျိုးဆောင်က နှစ်ဦးပါ၊ တရားလွှတ်တော်ရှေ့နေ ရောဘတ် စန်းအောင်နဲ့ ဒေါ်ခင်မိုးမိုးတို့က လိုက်ပါဆောင်ရွက်ဖို့၊ ဒုတိယအချက်က တော့ အဲဒီရာဇဝတ်မှုကြီး(၄၅/၂ဝ၁၇)ဥပဒေပုဒ်မ(၃ဝ၂/၃၄/၂၁၂) ရာဇဝတ်အထွေထွေအမှုအမှတ်(၂ဝ/၂ဝ၁၇)အရ အောင်ဝင်းခိုင်ကို ကျင့် ၅ဝ၂ အမှုအတွက် တရားခံပြေးနှင့်ပတ်သက်ပြီး တရားလိုဘက်ရှေ့နေက ရာဇဝတ်ပြင်ဆင်မှုကို ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရုံးကို ပြင်ဆင်ချက် တင်ထားတဲ့ အမှုတွဲ ပြန်ကျလာတာပါ။ ပြန်ကျလာတဲ့အမိန့်ကို မူလခုံရုံးက ပြန်လည်ရှင်းလင်းပြောကြားတာဖြစ်ပါတယ်။ ညွှန်ကြားစာ ထဲမှာတော့ ပြည့်ပြည့်စုံစုံဆောင်ရွက်ဖို့လိုပါတယ်၊ဖမ်းဝရမ်းကလည်း အသက်ရှင်လျက်ပါ၊ ဖမ်းဆီးစစ်ဆေးမှုတွေကို တိကျပြည့်စုံအောင် ဆောင် ရွက်ဖို့ သက်ဆိုင်ရာ နေရာအသီးသီးက ရဲတပ်ဖွဲ့ဝင်တွေဆီ အကြောင်းကြား စာထုတ်ပေးပါ့မယ်။ နောက်တစ်ပတ်ရုံးချိန်းမှာတော့ လက်နက်မှုနဲ့ပတ်သက် တဲ့ သက်သေလာရင် စစ်ဆေးသွားမှာပါ'' ဟု ပြောကြားသည်။

သတင်းနှင့်ဓာတ်ပုံ- မျိုးမင်းသိန်း(မရမ်းကုန်း)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
တရားလွှတ်တော်ရှေ့နေ ဦးကိုနီအား သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံမှုတွင် လိုပြသက်သေတစ်ဦးအား စစ်ဆေး  တရားလွှတ်တော်ရှေ့နေ ဦးကိုနီအား သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံမှုတွင် လိုပြသက်သေတစ်ဦးအား စစ်ဆေး Reviewed by THITHTOOLWIN on 08:31 Rating: 5
Powered by Blogger.