မန္တလေးတွင် ညပိုင်းလုံခြုံရေးအတွက် အင်အားတိုးမြှင့်ဆောင်ရွက်နေဟုဆို


မန္တလေး၊ မေ ၂၃။

ဆိုင်ကယ်ဖြင့် လုယက်မှုများ နိစ္စဓူဝဖြစ်ပေါ်နေသော မန္တလေးမြို့တော်တွင် လုယက်မှုများလျော့ကျစေရန်နှင့် ပြည်သူများလုံခြုံရေးအတွက် မေလလယ်ပိုင်းမှစ၍ ညပိုင်းလုံခြုံရေးကို အင်အားတိုးမြှင့် ဆောင်ရွက်နေကြောင်း သိရသည်။

"ညပိုင်း လုယက်မှုတွေနည်းအောင် မန္တလေးခရိုင် ၇ မြို့နယ်မှာ တစ်မြို့နယ် တစ်ဖွဲ့နှုန်းနဲ့ ရှောင်တခင်စစ်ဆေးမှုတွေလုပ်နေတယ်၊ ဟိုးအရင်က ညပိုင်း ၉ နာရီလောက်မှစစစ်တယ်၊ အခု ည ၇ နာရီကနေ ၁၁ နာရီထိ ရှောင်တခင် ရွေ့လျားစနစ်နဲ့စစ်တယ်၊ စစ်ဆေးတဲ့ အချိန်လည်းတိုးထားသလို စစ်ဆေးတဲ့ ဌာနပေါင်းစုံအင်အားကစ တိုးမြှင့်ထားပါတယ်"ဟု မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီး တင်ဇော်ထွန်းက ပြောကြားသည်။


နယ်မြေရဲ၊ ယာဉ်ထိန်းရဲ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ စသော ဌာနပေါင်းစုံပါဝင်သော ပူးပေါင်းအဖွဲ့မှ နေ့စဉ် ည ၇ နာရီမှ ၁၁ နာရီထိ မှောင်ရိပ်ကျသော လမ်းများတွင် ရှောင်တခင်စစ်ဆေးမှုများ နေ့စဉ်ပြုလုပ်နေပြီး မှုခင်းဖြစ်ပွားမှုများလည်း လျော့ကျလာကြောင်း ဒုရဲမှူးကြီး တင်ဇော်ထွန်းက ထပ်မံပြောကြားသည်။

"ညပိုင်းမှာ အချိန်တိုးပြီး အင်အားတိုးမြှင့်ဆောင်ရွက်ပြီးကတည်းက ညပိုင်းလုယက်မှုတွေ မှုခင်းဖြစ်ပွားတာတွေ လျော့ကျလာတယ်၊ အဓိကတော့ ဆိုင်ကယ်တွေရော ကားတွေရော တုတ်၊ ဓား၊ လက်နက် စစ်ဆေးတယ်၊ အဲဒီထဲက တစ်ခုခုတွေ့ရင်တော့ သက်ဆိုင်ရာဥပဒေနဲ့ အရေးယူတယ်၊ အခြားကတော့ နံပါတ်ပြားမတပ်တဲ့ ဆိုင်ကယ်တွေ သုံးယောက်စီးတဲ့ ဆိုင်ကယ်တွေဆိုရင်တော့ မော်တော်ယာဉ်ဥပဒေနဲ့ အရေးယူနေပါတယ်"ဟု ၄င်းက ဆက်လက်ပြောဆိုသည်။


မန္တလေးမြို့တော်တွင် ညပိုင်းလုံခြုံရေးတိုးမြှင့်သကဲ့သို့ နေ့ခင်းပိုင်းတွင်လည်း အင်အားတိုးမြှင့်၍ ယာဉ်ထိန်းရဲတပ်ဖွဲ့၏ စပရိုက်ချက်အပြင် တုတ်၊ ဓား၊ လက်နက် စသော ရှောင်တခင်စစ်ဆေးမှုများပါ ပြုလုပ်ပေးစေလိုကြောင်း ပြုလုပ်ပေးစေလိုကြောင်း မန္တလေးမြို့ခံများက ပြောကြားသည်။

ခန့်ညားခင်
Central News Myanmar
https://www.facebook.com/CNMyanmar/
မန္တလေးတွင် ညပိုင်းလုံခြုံရေးအတွက် အင်အားတိုးမြှင့်ဆောင်ရွက်နေဟုဆို မန္တလေးတွင် ညပိုင်းလုံခြုံရေးအတွက် အင်အားတိုးမြှင့်ဆောင်ရွက်နေဟုဆို Reviewed by THITHTOOLWIN on 08:56 Rating: 5
Powered by Blogger.