YBS ယာဉ်စီးခတွေကို ခရီးစဉ်အပိုင်းလိုက် ကောက်ယူတဲ့စနစ် ပြောင်းလဲမည်

( ရန်ကုန်တိုင်းဒေသကြီးအတွင်း လက်ရှိပြေးဆွဲနေတဲ့ YBS ယာဉ်တစ်စီးကို တွေ့ရစဉ် ) Photo: RFA
အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ် YBS ယာဉ်စီးခတွေကို ခရီးစဉ်အပိုင်းလိုက်ခွဲပြီး လျှော့ချကောက်ယူတဲ့စနစ်ကို လာမယ့် ဧပြီလ ၇ရက်နေ့မှာ စတင်သွားမယ်လို့ ရန်ကုန်တိုင်း ဒေသကြီးအများပြည်သူ သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA)က သတင်းထုတ်ပြန်လိုက်ပါတယ်။

လေအေးပေးစက်တပ်ဆင်ထားတဲ့ YBS ယာဉ်တွေရဲ့ ယာဉ်စီးခကို လက်ရှိ နှုန်းထားအတိုင်းပုံသေ နှစ်ရာကျပ် ဆက်လက်ကောက်ခံမှာဖြစ်ပြီး လေအေးပေးစက်တပ်ဆင်မထားတဲ့ YBS ယာဉ်တွေရဲ့ ယာဉ်စီးခကိုတော့ ခရီးစဉ်ပေါ်မူတည်ပြီး အနည်းဆုံး ၁၀၀ ကျပ်ကနေ ကောက်ယူမှာဖြစ်တယ်လို့ YRTA တွဲဖက်အတွင်းရေးမှူး ဦးသန်းဝင်း က ပြောပါတယ်။

" အခုအရင်တုန်းက နှစ်ရာ ပုံသေဖြစ်နေတာကို နှစ်ပိုင်းခွဲလိုက်တာ ၊ အဲကွန်းနဲ့ နှစ်ရာက အဲ့အတိုင်းပဲ အဲကွန်း နှစ်ရာပဲ၊ အဲကွန်းမပါတဲ့ ကားအဟောင်းတွေ အဲဒီဟာတွေက အွန်လိုင်းမှာ (ရန်ကုန်တိုင်း ဒေသကြီးအများပြည်သူ သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ကထုတ်ပြန်ထားတဲ့ နှုန်းထား) ပြထားတဲ့အတိုင်းပဲ ကောက်လို့ရမှာ။ အဓိကက ဘာလဲဆိုတော့ ဘတ်စ်ကားစီးတဲ့ ခရီးသည်တွေ နည်းနည်းပိုပြီးတော့ သက်သာချောင်ချိအောင် ဘတ်စ်ကား ပိုင်ရှင်တွေနဲ့ ဆွေးနွေးညှိနှိုင်းပြီးတော့မှ ဒီရလဒ်ကိုရဖို့ အမြန်ဆုံးအကောင်အထည်ဖော်တာပါ"

လက်ရှိ ရန်ကုန်မြို့လယ်မှာ ပြေးဆွဲနေတဲ့ YBS ယာဉ်အမှတ် ၅၆၊ ၅၇ ၊ ၅၈ ယာဉ်လိုင်းတွေက အနည်းဆုံး ၁၀၀ ကျပ်ကစတင် ကောက်ခံတာဖြစ်ပြီး ကျန်တဲ့ယာဉ်လိုင်းတွေကတော့ ပုံသေ ၂၀၀ ကျပ်ကနေ စတင်ကောက်ယူနေတာဖြစ်ပါတယ်။

အရင် မထသ ယာဉ်လိုင်းစနစ်မှာ ခရီးစဉ်ပေါ်မူတည်ပြီး ကျပ် ၅၀၊ ၁၀၀၊ ၂၀၀ ဆိုပြီး ကောက်ယူခဲ့တာဖြစ်ပါတယ်။

လက်ရှိ YBS ယာဉ်လိုင်းက ကားအစီးရေ ၃ထောင်ကျော်မှာ ယာဉ်စီးခနှုန်းထားပြောင်းလဲမှာနဲ့ ပတ်သက်ပြီး ခရီးစဉ်ပေါ်မူတည်ပြီး ပေးရမယ့် ယာဉ်စီးခနှုန်းတွေ၊ ခရီးစဉ် အစအဆုံး သွားမယ်ဆိုရင် ကျသင့်တဲ့ နှုန်းထား နဲ့ မကျေနပ်ရင် ဘယ်ဌာနကို တိုင်ရမယ် ဆိုတဲ့ စာတန်းတွေပါတဲ့ စတေကာတွေ ကပ်ပြီး အသိပေးကြေညာသွားမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလက စပြီး YBS ယာဉ်လိုင်းစနစ်ကို ပြောင်းလဲပြေးဆွဲခဲ့တာဖြစ်ပြီး အခုဆိုရင် ယာဉ်လိုင်းပေါင်း ၈၀ ကျော်ရှိပြီး တစ်ရက်ကို ယာဉ်အစီးရေ ၃ ထောင်ကျော်နဲ့ ပြေးဆွဲနေတာ ဖြစ်ပါတယ်။ YBS ယာဉ်လိုင်း စတင်ပြေးဆွဲပြီး နှစ်လကျော်အကြာမှာ ယာဉ်စီးခနှုန်းထားတွေကို အပြောင်းအလဲ လုပ်ဖို့ စီစဉ်တာလည်းဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
YBS ယာဉ်စီးခတွေကို ခရီးစဉ်အပိုင်းလိုက် ကောက်ယူတဲ့စနစ် ပြောင်းလဲမည် YBS ယာဉ်စီးခတွေကို ခရီးစဉ်အပိုင်းလိုက် ကောက်ယူတဲ့စနစ် ပြောင်းလဲမည် Reviewed by THITHTOOLWIN on 17:11 Rating: 5
Powered by Blogger.