ဆိုင်ကလုန်း မာရသာ (Tropical Storm Maarutha) အရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေး ဒုတိယသမ္မတ ဦးဆောင် ပြင်ဆင်


နေပြည်တော် ဧပြီ ၁၆

ဆိုင်ကလုန်းမာရသာ (Tropical Storm Maarutha) အရေးပေါ် တုံ့ပြန်ဆောင် ရွက်ရေး အတွက် အမျိုးသားသဘာဝဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် ပြည်ထောင်စုဝန်ကြီးများသည် ယနေ့မွန်းလွဲ ၁၁ နာရီခွဲတွင် နေပြည်တော် ရှိ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (EOC)၌ တွေ့ဆုံ ဆွေးနွေး လျက်ရှိသည်။

ယခု ဖြစ်ပေါ်လျက်ရှိသည့် ဆိုင်ကလုန်မုန်တိုင်း ကြိုတင်ပြင်ဆင်မှုများအနေဖြင့်

- လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန တွင် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှု ဗဟိုဌာန(EOC)ကို (၂၄)နာရီဖွင့်လှစ်ထားရှိပြီး မုန်တိုင်းအ‌ခြေအနေကို စဉ်ဆက်မပြတ်လေ့လာ သုံးသပ်ကာ အချိန်နှင့်တပြေးညီ စီမံခန့်ခွဲဆောင်ရွက်လျက်ရှိကြောင်း၊

- ပို့ဆောင်ဆက်သွယ်ရေး မပြတ်တောက်စေရေး သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းကော်မတီများနှင့် စဉ်ဆက်မပြတ်ဆက်သွယ်ဆောင်ရွက်လျက်ရှိကြောင်း၊

- တပ်မတော်အနေဖြင့် လည်း ရဟတ်ယာဉ်များ၊ လေယာဉ်များနှင့်ဆေးတပ်ဖွဲ့များကို အသင့် စီစဉ်ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များရှိ တပ်ရင်းတပ်ဖွဲ့များ အဆင်သင့်ဖြစ်စေ ရေးဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း၊

- သက်ဆိုင်ရာဒေသများရှိ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှဝန်ထမ်းများ၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင် များ၊ ကြက်ခြေနီတပ်ဖွဲ့များ အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး ရွှေ့ပြောင်းရေးအတွက်ကြိုတင်စီမံထား ရှိခြင်း၊ ပြည်သူသို့ မုန်တိုင်းအသိပေးလှုံ့ဆော်ခြင်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအတွက် လိုအပ်သည့်ပစ္စည်းများ စုဆောင်ထားရှိခြင်း၊ စားရေရိက္ခာများ၊ ကယ်ဆယ်ရေးပစ္စည်းများကြိုတင် စုပုံထားရှိခြင်းများ ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း၊

- ပြည်သူလူထုအတွက် အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုများအတွက်လည်း ကြိုတင်ပြင်ဆင်ထားရှိကြောင်း၊

- သတင်းထုတ်ပြန်ရေးများနှင့် ပတ်သက်၍လည်း မုန်တိုင်းအခြေအနေကို စဉ်ဆက်မပြတ်သတင်းထုတ်ပြန်ပေးလျက်ရှိပြီး ပြည်သူများ ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရန်လည်း မုန်တိုင်းအသိပညာပေး အချက်အလက် များကို အချိန်နှင့်တပြေးညီထုတ်ပြန်ပေးလျက်ရှိကြောင်း၊

- ရိတ်သိမ်းပြီးသောစိုက်ပျိုးသီးနှံများ ကိုလည်း ဘေးလွတ်ရာအခိုအကာများသို့ ရွှေ့ပြောင်းထားနိုင်ရေး တောင်သူလယ်သမားများသို့ နှိုးဆော်ထားပြီးဖြစ်ကြောင်း၊

- ဆက်သွယ်ရေး မပြတ်တောက်စေရန် အတွက်လည်း ဆက်သွယ်ရေး အရန်စက်များ အဆင်သင့်ပြင်ဆင်ထားရှိပြီးဖြစ်ကြောင်း ဆွေးနွေးကြပါသည်။


မုန်တိုင်းအခြေအနေနှင့်ပတ်သက်၍ (၁၆-၄-၂၀၁၇)နေ့ ရရှိသည့် သတင်းအခြေအနေအရ ယနေ့ည သန်းခေါင်ယံနှင့် (၁၇-၄-၂၀၁၇)နေ့ နံနက်(၆) နာရီခန့်အကြားတွင် ရခိုင်ပြည်နယ် စစ်တွေနှင့်သံတွဲမြို့ကြားမှ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း၊ လေတိုက်နှုန်းမှာ တစ်နာရီ မိုင်(၄၀) - (၅၀)ခန့်ဖြစ်နိုင်ကြောင်း တိုင်းတာရရှိသဖြင့် မုန်တိုင်းဖြတ်ကျော်ဝင်ရောက်နိုင်သည့် ဒေသများတွင် ပြည်သူများကို ပိုမိုဘေးကင်းလုံခြုံစိတ်ချရစေရန်အတွက် (၁၆-၄-၂၀၁၇)နေ့ ညနေ(၆)နာရီ နောက်ဆုံးထား၍ သတ်မှတ်ထားသည့် ဘေးလွတ်ကင်းရာနေရာများသို့ စနစ်တကျ ရွှေ့ပြောင်း ထားရန်လိုအပ်ကြောင်း၊ ကမ်းခြေများတွင် ရောက်ရှိအပမ်းဖြေနေသူများ ဘေးလွှတ်ရာသို့ ပြန်လည်ထွက်ခွာ ကြရန်လိုကြောင်း၊ ဒေသအလိုက်ပြောင်းရွှေ့ရန် လိုအပ်မှုများကိုအကြံပြုကြပြီး သက်ဆိုင်ရာတာဝန်ရှိသူများထံ အစည်းအ‌ဝေးတွင်းမှ တိုက်ရိုက်ဆက်သွယ်၍ ညှိနှိုင်းဆောင်ရွက် ပေးခဲ့သည်။


ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနရှိ အရေးပေါ် အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန(EOC) တွင် မုန်တိုင်း၏နောက်ဆုံးဖြစ်ပေါ် နေမှုအခြေအနေများကို ကြည့်ရှုကာ အချို့နေရာများသို့ အရေးပေါ်ဆက်သွယ်နိုင်ရေး ကြိုတင်ထားရှိသည့် ရေဒီယို လှိုင်းသုံးဆက်သွယ်ရေးစနစ် (Single Side Band-SSB) လက်တွေ့အသုံးပြုမှု ပြသခြင်းကို ဆောင်ရွက်ခဲ့ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့်လည်း တိုက်ရိုက်ချိတ်ဆက်၍ စီစဉ်ဆောင်ရွက်ခဲ့ပါသည်။
နောက်ဆုံးတိုင်းထွာချက်များအရ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် ၁၆ ရက်နေ့ည သန်းခေါင်ယံတွင် မြန်မာနိုင်ငံ သံတွဲမြို့အနီးမှ ဖြတ်ကျော် ၀င်ရောက် မည်ဟု ခန့်မှန်း ထားသည်။

လေတိုက်နှုန်းမှ ယခင်ခန့်မှန်းထားသည့် တစ်နာရီလျှင် မိုင် ၅၀ မှ မိုင် ၆၀ နှုန်း ထက် လျှော့နည်းမည်ဟု သိရသည်။

State Counsellor Office Information Committee
https://www.facebook.com/MyanmarSCOInfoCom
ဆိုင်ကလုန်း မာရသာ (Tropical Storm Maarutha) အရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေး ဒုတိယသမ္မတ ဦးဆောင် ပြင်ဆင် ဆိုင်ကလုန်း မာရသာ (Tropical Storm Maarutha) အရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေး ဒုတိယသမ္မတ ဦးဆောင် ပြင်ဆင် Reviewed by THITHTOOLWIN on 16:55 Rating: 5
Powered by Blogger.