NLD ၏ ရခိုင်မှ ခရိုင်နှစ်ခု အစည်းအဝေး ၂၀၂၀ ရွေးကောက်ပွဲကို အလေးထားဆွေးနွေး

(NLD လည်း အမ်းတွင် ယခုလို အင်တိုက်အားတိုက်မဲဆွယ်ခဲ့သည်။ သို့သော်နိုင်ပွဲ မရခဲ့ပါ။)
နိရဉ္စရာ၊ ဧပြီ ၂၁

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD) စစ်တွေ ခရိုင်နှင့် မောင်တောခရိုင် တာဝန်ရှိသူများ၏ အစည်းအဝေးကို ဧပြီလ ၂၀ ရက်နေ့က စစ်တွေမြို့ NLD ရုံးတွင် ပြုလုပ်ခဲ့သည်။

၎င်းအစည်းအဝေးသို့ NLD ရခိုင်ပြည်နယ် ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပုနှင့် ခေါင်းဆောင် ၂၀ ခန့် တက်ရောက်ခဲ့ကြောင်း အစည်းအဝေးသို့ တက်ရောက်ခဲ့သူ စစ်တွေခရိုင် အထွေထွေ အတွင်းရေးမှူး ဦးကောင်းစံလှက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

“ အဓိက အစည်းအဝေးမှာဆွေးနွေးတာကတော့ ရှေ့ ဒီ ၂၀၂၀ ပေါ့လေ။ အဲဒီ ရွေးကောက်ပွဲ အတွက် ဘယ်လို ပြင်ဆင်မလဲ။ ကိုယ့်မဲဆန္ဒနယ်မြေတွေမှာ စည်းရုံရေး ကောင်းရမယ်။ ပါတီ စည်းရုံးရေးကောင်းရမယ်။ ဒီကိစ္စအပေါ် အဓိက ထားဆွေးနွေးကြပါတယ်” ဟု ဦးကောင်းစံလှက ပြောသည်။

အမ်းမြိ့နယ်တွင် NLD မှ ANP အပေါ် ရှုံးနိမ့်ခဲ့ခြင်းနှင့် ပတ်သက်ပြီး ဆွေးနွေး ဖြစ်ပါသလားဟု မေးမြန်းရာ ဦးကောင်းစံလှက “ ဒီအစည်းအဝေး အမ်းမှာ ကျင်းပသွားတဲ့ ရွေးကောက်ပွဲကို ဦးတည်ပြီး ဆွေးနွေးခဲ့ကြတာ မဟုတ်ပါဘူး။ အလွတ်သဘော ဆွေးနွေးဖြစ်ကြပါတယ်။ အမ်းမြို့နယ်ရွေးကောက်ပွဲမှာ အခြေအနေမကောင်း ဖြစ်ခဲ့ရတဲ့ အပေါ် နည်းနည်းပါးပါး ပြောဖြစ်ကြပါတယ်။ ဒါကလဲ စည်းရုံးရေး ဆင်းတဲ့ အပေါ် မှာလည်း မူတည်ပါတယ်။ အတိုက်အခံတွေဘက်က စည်းရုံးရေးဆင်းတာ ပုံစံချင်းလည်း မတူတာလည်း ဖြစ်နိုင်ပါတယ်။ ဒီနေရာမှာ အသေးစိတ် ပြောလို့လည်း မကောင်းပါဘူး” ဟု ပြောသည်။

၎င်းပြင် သူက NLD ၏ ရခိုင်ပြည်နယ် စည်းရုံးရေးကို ရပ်ကျေးအခြေခံမည် ဖြစ်ကြောင်း၊ ရပ်ကျေးကို အခြေခံပြီး ပါတီတွင်း စည်းရုံးရေးကောင်းသူ၊ အရည်အချင်းရှိတဲ့သူများကို စည်းရုံးမည် ဖြစ်ကြောင်း၊ နောက်ပြီး အရည်အချင်း ရှိသူများကို ပါတီကို ဦးဆောင်ခိုင်းမည် ဖြစ်ကြောင်း၊ အရည်အချင်း မရှိဘဲ ရာထူး ပေးလိုက်လျင် တာဝန် မယူနိုင်သည်ကို တွေ့ရကြောင်း၊ ပါတီဝင်များမှလည်း သဘောပေါက်နေကြပြီ ဖြစ်ကြောင်း၊ သို့အတွက် အရည်အချင်းရှိသူများကို ပါတီကို ဦးဆောင်ခိုင်းမည် ဖြစ်ကြောင်း ပြောကြားသည်။

လက်ရှိ အချိန်တွင် NLD အဖွဲ့ဝင် ရခိုင်ပြည်နယ်တွင် တစ်သိန်းမပြည့်သေးကြောင်း သိရသည်။

“ မြို့နယ်တစ်ခုချင်းစီအလိုက် ထောင်ဂဏန်းရှိတဲ့ မြို့နယ်တွေ ရှိသလို လေးငါးထောင်ရှိတဲ့ မြို့နယ်များလည်း ရှိပါတယ်။ ပါတီဝင်အင်အားက တစ်သိန်းမပြည့်သေးပါဘူး” ဟု စစ်တွေခရိုင် အထွေထွေ အတွင်းရေးမှူး ဦးကောင်းစံလှက ပြောသည်။

အစည်းအဝေးအား နေ့လယ် ၁ နာရီ ညနေ ၅ နာရီ နီးပါးထိ ပြုလုပ်ခဲ့ပြီး ပြည်နယ် ပါတီ ဥက္ကဋ္ဌ ဦးညီပုက ဦးဆောင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

Narinjara
https://www.facebook.com/Narinjara
NLD ၏ ရခိုင်မှ ခရိုင်နှစ်ခု အစည်းအဝေး ၂၀၂၀ ရွေးကောက်ပွဲကို အလေးထားဆွေးနွေး NLD ၏ ရခိုင်မှ ခရိုင်နှစ်ခု အစည်းအဝေး ၂၀၂၀ ရွေးကောက်ပွဲကို အလေးထားဆွေးနွေး Reviewed by THITHTOOLWIN on 07:50 Rating: 5
Powered by Blogger.