အမေရိကန်ဒေါ်လာ ၉၀၀၀၀အား လိမ်လည်သွားသူ GEORGIA နိုင်ငံသားနှစ်ဦးအား နာရီပိုင်းအတွင်း ဖမ်းဆီးရမိ


ရန်ကုန်၊ ဧပြီ ၂၁

၂၀.၄.၂၀၁၇ ရက်နေ့ ၁၅၅၀ အချိန်ခန့်တွင် ကျောက်တံတားမြို့နယ်နေ ဦးဇော်ဝင်းသည် ၎င်းဖွင့်လှစ်လုပ်ကိုင်လျက်ရှိသည့် Pacific Money Changer တွင်ရှိနေစဉ် အသက်(၅၀)နှစ်ခန့်အရွယ်ရှိ၊ လျှာထိုးဦးထုပ် နက်ပြာရောင်ဆောင်၊ မျက်မှန်တပ်၊ နက်ပြာရောင် စပို့ရှပ်လက်တိုနှင့် ဂျင်းဘောင်းဘီဝတ်ဆင်ထားသော နိုင်ငံခြားသားနှစ်ဦးရောက်ရှိလာပြီး အမေရိကန်ဒေါ်လာ ၉၀၀၀၀ အားဝယ်ယူလိုကြောင်း ပြောဆိုသဖြင့် ၎င်းမှ အမေရိကန် ၁ ဒေါ်လာလျင် မြန်မာငွေကျပ် ၁၃၅၀နှုန်းဖြင့် ပြန်လည်ရောင်းချပေးကြောင်းပြောဆိုရာ နိုင်ငံခြားသားနှစ်ဦးက လက်ခံသဘောတူသဖြင့် အမေရိကန်ဒေါ်လာ ၉၀၀၀၀ အား ၎င်းတို့အသင့်ပါလာသော အဖြူရောင်ပေါ်တွင် အနီစက်များပါကြွပ်ကြွပ်အိတ် ၃ အိတ်ဖြင့် ဒေါ်လာ ၃၀၀၀၀စီအား ထုပ်ထည့်ကာ အတက်ချီကေ့စ်လက်ကိုင်သေတ္တာဖြင့် ကောင်တာပေါ်တင်လျက်ဖွင့်၍ ၀ယ်ယူထားသော ဒေါ်လာငွေများထည့်ထားပြီး မြန်မာငွေများအား သွားယူဦးမည်ဟု ပြောဆိုကာ ၎င်းအတက်ချီကေ့စ်အား၍ ဆိုင်အတွင်းကောင်တာပေါ် ထားရှိကာ ထွက်သွားခဲ့ကြောင်း၊ ၎င်းနောက် အတက်ချီကေ့စ်အား အဆိုပါနိုင်ငံခြားသားနှစ်ဦးက လာရောက်ယူဆောင်ခြင်းမရှိသဖြင့် ဖွင့်ကြည့်ရာ သေတ္တာအတွင်း၌ ဆိုင်မှဝယ်ယူထားသောဒေါ်လာများ မဟုတ်ဘဲ အမေရိကန်ဒေါ်လာတစ်အုပ်စီတွင် ရှေ့နောက် ၁၀၀တန် ဒေါ်လာငွေများစည်းလျက် အတွင်း၌ ၁ ဒေါ်လာတန်ငွေများထည့်သွင်း ထားသော ဒေါ်လာငွေ ၃ အုပ်ဖြစ်ကြောင်းသိရသဖြင့် အမေရိကန်ဒေါ်လာငွေ ၉၀၀၀၀အား လိမ်လည်ရယူသွားသူ နိုင်ငံခြားသားနှစ်ဦးအား အရေးယူပေးရန် တိုင်တန်းချက်အရ ကျောက်တံတားမြို့မရဲစခန်း
(ပ)၁၅၀/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၄၂၀ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ပါသည်။

အမှုမှ ပြစ်မှုကျူးလွန်သူ နိုင်ငံခြားသားနှစ်ဦးကို ဖမ်းဆီးရမိရေးအတွက် CCTV မှတ်တမ်းဓာတ်ပုံများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် တာဝန်ကျရဲတပ်ဖွဲ့ဝင်များထံ ဆက်သွယ်ပေးပို့ခဲ့ကာ ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့သည့်အပြင် ကျောက်တံတားမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ အမှတ်(၂)ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များပူးပေါင်း၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပိတ်ဆို့ရှာဖွေခဲ့ရာ ဓာတ်ပုံမှတ်တမ်းပါ ပုံသဏ္ဍာန်နှင့်တူသော နိုင်ငံခြားသားနှစ်ဦးအား ၂၁.၄.၂၀၁၇ ရက်နေ့ ၀၀၄၅ အချိန်တွင် လေဆိပ်၌တွေ့ရှိရသဖြင့် ထိန်းသိမ်းပြီး အမှုဖြင့်ခေါ်ယူ စစ်ဆေးခဲ့ရာ ၎င်းတို့ဝတ်ဆင်ထားသည့် အတွင်းခံဘောင်ဘီးအတွင်းမှ ပါဆုံးအမေရိကန်ဒေါ်လာ ၉၀၀၀၀ အား တွေ့ရှိခဲ့ရပါသည်။

ဖမ်းဆီးရမိသူ နိုင်ငံခြားသားနှစ်ဦးအား အသေးစိတ်စစ်ဆေးရာ ၎င်းတို့မှာ GEORGIA နိုင်ငံသားများဖြစ်ကြသူ Mr.JANJGAVA REVAZ, (၆၄)နှစ်နှင့် Mr.NARMANIA MALKHAZ, (၅၁)နှစ် ကမ္ဘာလှည့်ခရီးသွားဗီဇာကိုင်ဆောင်ထားသူများဖြစ်ပြီး မြန်မာနိုင်ငံအတွင်း၌ ၈.၄.၂၀၁၇ရက်နေ့မှ
၆.၅.၂၀၁၇ရက်နေ့ ထိနေထိုင်ခွင့်ရရှိထားသူများဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

စစ်ဆေးတွေ့ရှိ ပေါ်ပေါက်ချက်များအရ Mr.JANJGAVA REVAZ, Mr.NARMANIA MALKHAZ တို့နှစ် ဦးအား အမှုဖြင့် ဆက်လက် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice/
အမေရိကန်ဒေါ်လာ ၉၀၀၀၀အား လိမ်လည်သွားသူ GEORGIA နိုင်ငံသားနှစ်ဦးအား နာရီပိုင်းအတွင်း ဖမ်းဆီးရမိ အမေရိကန်ဒေါ်လာ ၉၀၀၀၀အား လိမ်လည်သွားသူ GEORGIA နိုင်ငံသားနှစ်ဦးအား နာရီပိုင်းအတွင်း ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 17:58 Rating: 5
Powered by Blogger.