EIA/SIA လေ့လာနေတဲ့အဖွဲ့ ၆ ဖွဲ့ရှိနေပြီး သူတို့ရဲ့ အစီရင်ခံစာ မေလ ဇွန်လလောက်မှာ ရရှိနိုင်မယ်လို့ ကော်မရှင် အဖွဲ့ဝင် ဒေါက်တာ မြတ်ဥာဏစိုးက ပြောပါတယ်။
"မြစ်ဆုံနဲ့ပတ်သက်ပြီး EIA SIA တွေလုပ်နေတာရှိပါတယ်။ အဲဒီပညာရှင်အဖွဲ့တွေရဲ့ အစီရင်ခံစာတွေ တက်လာမှ အဲ့ဒါပေါ်သုံးသပ်ပြီး ကျွန်တော်တို့လုပ်လို့ရမှာပါ။ အဲ့ဒါက လုပ်နေတုန်းပါပဲ ပညာရှင် အဖွဲ့တွေ ၆ ဖွဲ့လောက်ရှိပါတယ်။ ကျနော်တို့မှန်းတာကတော့ မေ၊ ဇွန်လောက်မှာပဲ သူတို့ရဲ့အစီရင်ခံစာ တက်လာမှာပါ"
လတ်တလောမှာ သင်္ကြန်ကာလဖြစ်တဲ့အတွက် ကော်မရှင် လပတ်အစည်းအဝေးတွေကို ခဏရပ်နားထားတယ် လို့ ပြောပါတယ်။
ကော်မရှင်ကို ၂၀၁၆ သြဂုတ်လမှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းဟာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သက်ဆိုင်တဲ့ နိုင်ငံတကာပြဋ္ဌာန်းချက်တွေ၊ ပြည်တွင်းဥပဒေများတွေနဲ့ လုပ်ဆောင်သင့်တဲ့ နည်းပညာတွေနဲ့ စနစ်တကျ လုပ်ဆောင်ထားတာ ရှိ မရှိ ကို စိစစ်ရမှာဖြစ်ပါတယ်။
စီမံကိန်းကြောင့် လူမှုပတ်ဝန်းကျင်၊ ဂေဟစနစ်နဲ့ ရေသယံဇာတပျက်စီး ဆုံးရှုံးနိုင်မှု အခြေအနေတွေ၊ ဧရာဝတီမြစ်ရဲ့ တည်တံခိုင်မြဲမှုကို အကျိုးသက်ရောက်မှုရှိ မရှိ၊ စီမံကိန်းဆက်လက် ဆောင်ရွက်ရန် သင့် မသင့် နဲ့ နိုင်ငံခြားရင်နှီးမြှုပ်နှံမှုအပေါ်ထိခိုက်မှု အကျိုးသက်ရောက်မှု အခြေအနေ စတဲ့အချက်တွေကို ကော်မရှင်က စိစစ်ရမှာဖြစ်ပါတယ်။
တရုတ်နိုင်ငံက ဒီမြစ်ဆုံစီမံကိန်းအစား အခြားစီးပွာရေးဆိုင်ရာ မဟာဗျူဟာကျတဲ့အခွင့်အရေးတွေနဲ့ အသေးစား ရေအားလျှပ်စစ်စီမံကိန်းတွေနဲ့ အစားထိုးလဲလှယ်သွားဖို့ရှိတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
နိုင်ငံတော် သမ္မတ ဦးထင်ကျော်ကလည်း မနေ့က တရုတ်နိုင်ငံကို ချစ်ကြည်ရေးခရီး စတင်ခဲ့ပြီး အဲဒီခရီးစဉ်မှာ ပညာရေး၊ ကျန်းမာရေးနဲ့ အားကစားဆိုင်ရာ သဘောတူညီမှုစာချုပ် ၆ ခုလောက် ချုပ်ဆိုဖို့ ပြင်ဆင်သွားကြောင်း နဲ့ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ရင်တော့ မြစ်ဆုံကော်မရှင်ရဲ့ အစီရင်ခံစာကို စောင့်ရမှာဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇေယျက ပြောထားပါတယ်။
RFA Burmese
http://www.rfa.org/burmese
မြစ်ဆုံအစီရင်ခံစာအတွက် EIA ၊ SIA အစီရင်ခံစာတွေကို စောင့် ဆိုင်းနေ
Reviewed by THITHTOOLWIN
on
20:55
Rating: