မြန်မာ့စီးပွားရေးဖွံ့ဖြိုးမှု တိုးတက်လာနိုင်လို့ အာရှဖွံ့ဖြိုးမှုဘဏ် သုံးသပ်

အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်ဘက်က ထုတ်ပြန်ထားတဲ့ Asia Development Outlook 2017 အစီရင်ခံစာ။
မြန်မာနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးမှုနှုန်းက အရင်နှစ်တွေကထက်တိုးတက်လာနိုင်မယ်လို့ အာရှဖွံ့ဖြိုးဘဏ် ADB က သုံးသပ်လိုက်သလို စီးပွားရေးပညာရှင်တွေ ဘက်ကလည်း မြန်မာနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးမှုနှုန်းက တိုးတက်လာဖို့ မျှော်လင့်ထားကြပါတယ်။ အခုလိုတိုးတက်နိုင်ဖို့ အတွက်ကအစိုးရအနေနဲ့ စီးပွားရေးလုပ်ကိုင်တာမှာ မလိုလားအပ်တဲ့ သတ်မှတ်စည်မျဉ်း၊ စည်းကမ်းတွေကိုဖြေလျော့ဖို့၊ နောက်ဝန်ကြီးဌာနတခုနဲ့တခု ပေါင်းစပ်လုပ်ကိုင် မှုအားနည်းတာတွေကို ပြင်ဆင်ဖို့ လိုတယ်လို့ ထောက်ပြထားပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းကမေခကပေးပို့ထားပါတယ်။

မြန်မာနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးမှုနှုန်းက အရင်နှစ်တွေကထက်တိုးတက်လာနိုင်မယ်လို့ အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်ဘက်က ပြီးခဲ့တဲ့ ရက်ပိုင်းကထုတ်ပြန်ထားတဲ့ Asia Development Outlook 2017 အစီရင်ခံစာမှာ ဖော်ပြထားတာပါ။ အစီရင်ခံစာမှာ မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာ တိုးတက်မှုနှုန်း ၆.၄ ရာခိုင်နှုန်းသာရှိခဲ့ပေမယ့် အခုနှစ် ၂၀၁၇မှာတော့ မြန်မာနိုင်ငံတိုးတက်မှုနှုန်း ၇ရာခိုင်နှုန်းကျော်တိုးလာမယ်လို့ ခန့်မှန်းထားပါတယ်။ ၂၀၁၅ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ တိုးတက်မှုနှုန်းက ၇.၃% ထိရှိခဲ့ ပါတယ်။

ဒီအစီအရင် ခံစာဖော်ပြချက်အရ ၇ရာခိုင်နှုန်းတိုးတက်လာဖို့အတွက်ဆိုရင် အစိုးရအနေနဲ့ စီးပွားရေးလုပ်ကိုင်တာမှာ မလိုလားအပ်တဲ့ စည်မျဉ်း၊ စည်းကမ်းတွေကိုဖြေလျော့ဖို့၊ နောက်ဝန်ကြီးဌာနတခုနဲ့တခု ပေါင်းစပ်လုပ်ကိုင် မှုအားနည်းတာတွေကို ပြင်ဆင်ဖို့၊ စီးပွားရေးပေါ်လစီပိုင်း ရှင်းလင်းစွာ ဖော်ပြပေးဖို့ လိုတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်က ထောက်ပြထားပါတယ်။

စီးပွားရေးပညာရှင်တွေ ဘက်ကတော့ အစိုးရအနေနဲ့ ဒီအစီအရင် ခံစာမှာဖော်ပြထားတဲ့ အစိုးရဘက်က ပြုပြင်ပြောင်းလဲရမယ်ဆိုတဲ့ အချက်တွေကို ပိုမိုအာရုံစိုက်ပြုပြင်မှသာ တိုးတက်လာနိုင်မယ်လို့ သုံးသပ်ကြပါတယ်။ လက်ရှိ NLD အစိုးရလက်ထက်မှာ ၂၀၁၆ ခုနှစ် အတွင်းစီးပွားရေးတိုးတက်မှုနှုန်းက ထင်သလောက်တိုးတက်တာမရှိသေးသလို လိုငွေပြမှုတွေဟာလည်း စာရင်းတွေအရအရင်နှစ်တွေထက်ပိုများခဲ့ပါတယ်။

ဒီအခြေအနေတွေ ဖြစ်ပေါ်လာတာနဲ့ပတ်သတ်လို့ စီးပွားရေးပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ) ကတော့ အစိုးရနဲ့ လုပ်ငန်းရှင်ပိုင်းချိတ်ဆက်မှု အားနည်းတာ ကြောင့် ဖြစ်တယ်လို့ ထောက်ပြသွားပါတယ်။

"စီးပွားရေးနဲ့ပတ်သက်လို့ကတော့ အာရုံစိုက်တာကိုက အစိုးရဘက်က အာရုံမစိုက်နိုင်ဘူး လို့တောင်မှ အဲ့လိုခံစားမိတယ်။ လုပ်ငန်းရှင်မဟုတ်ဘူးနော် ဆရာက ပညာရှင်တယောက် အနေနဲ့ ပြောတာ။ ဘယ်နေရာတွေမှာ ရင်းနှီးမြှုပ်နှံပါ ဘယ်နေရာတွေမှာဆို အခွန်သက်သာမယ်ဆိုတာတွေတော့ ထုတ်တယ်။ နောက်တခါ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်လို့ ဥပဒေတွေထုတ်တယ်။ သို့သော် အဲ့တာတွေကို လုပ်ငန်းရှင်တွေက သိပ်ပြီးတော့ တိတိကျကျ သိကြပုံမပေါ်ဘူးဖြစ်နေတယ် အခုအချိန်အထိကတော့။ ဆရာအနေနဲ့ကပြောရရင်တော့ အစိုးရ ဘာဖြစ်ချင်တယ် ဘာလုပ်ချင်တယ် ဆိုတာနဲ့ လုပ်ငန်းရှင်တွေဘက်က ဘာဖြစ်ချင်တယ် ဘာလုပ်ချင်တယ်ဆိုတာနဲ့က နည်းနည်း ဆွဲစေ့ဖို့လိုတယ်။"

ဒီလို စီးပွားရေးတိုးတက်မှုနှုန်းကျနေပေမယ့် လာမယ့် နှစ်တွေမှာ အစိုးရအနေနဲ့က ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာတာမို့ စီးပွားရေးဦးမော့လာနိုင်မယ်လို့ သူကထင်မြင် ယူဆထားပါတယ်။

" အခုကတော့ in the pipeline, in the process ပေါ့။ လျှပ်စစ်တွေလုပ်တယ် ဘာတွေလည်း လုပ်နေတယ်ပေါ့ လုပ်နေတဲ့ဟာတွေ လုပ်ပြီ အကောင်အထည်ဖော်ပြီ အသီးအပွင့်ခံစားရပြီဆိုလို့ကတော့ တိုးတက်မှုအရှိန်အဟုန် မြန်ဆန်လာနိုင်ပါတယ်။"

လက်ရှိအစိုးရဘက်က သွေးအေးနေတဲ့ စီးပွားရေးရင်းနှီးမှု ပိုင်းတိုးတက်လာရေးအတွက် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ဥပဒေကို ပြင်ဆင်တာ၊ နည်းဥပဒေကို ပြဌာန်းတာတွေ ဆက်တိုက် ဆိုသလို ရင်းနှီးမြုပ်နှံမှုဆိုင်ရာပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင်နေတာတွေ ရှိနေပါတယ်။ ရင်းနှီးမြုပ်နှံမှုပိုင်းမှာ ဆက်လက်ဖြေလျော့ပေးဖို့ လုပ်ဆောင်နေ တာနဲ့ပတ်သတ်လို့ ရင်းနှီးမြုပ်နှံမှုကော်မရှင်က အကြီးတန်း အရာရှိတဦးကအခုလို ပြောပြပါတယ်။

" အခုဥပဒေအရဆိုရင်တော့ မကြာခင်မှာ ဧပြီလထဲ သို့မဟုတ် မေလထဲမှာ ပြည်နယ်နဲ့တိုင်း ရင်းနှီးမြှုပ်နှံမှု ကော်မတီတွေ ဖွဲ့လိုက်မယ်။ ပုဒ်မ အရဆိုရင် အဓိကအကြောင်းအရာသုံးခု တင်ရမယ်။ ကျန်တာက ပြည်နယ်နဲ့တိုင်းမှာ တင်လို့ရတယ်။ ဒါပေမဲ့ ပြည်နယ်နဲ့တိုင်းမှာကျတော့ Foreign direct investment (FDI)ဆိုရင် ဒေါ်လာငါးသန်းတို့ ပြီးလို့ရှိရင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဆိုရင် ကျပ်သန်းခြောက်ထောင်တို့ အဲ့တာတွေကို သူက အဲ့အထိဆိုရင် ပြည်နယ်တိုင်းနဲ့တင်ပြီးတယ်။ အဲ့လိုမျိုး လုပ်ပိုင်ခွင့်လည်း ခွဲပေးထားတယ်။"

ဒီပြင်မကြာခင်မှာ ရင်းနှီးမြုပ်နှံမှုဆိုင်ရာကဏ္ဍတွေခွဲကာ ရင်းနှီးမြုပ်နှံမှု ပိုင်းကို ခွင့်ပြုသွားဖို့ရှိတယ်လို့လည်း အဲဒီအရာရှိက ပြောဆိုခဲ့ပါတယ်။

"Investment လုပ်ဖို့ Process နောက် Registration လုပ်ဖို့ Process ကို လေယာဉ်ပျံနဲ့ လုပ်ပေးမယ်။ ဒါပေမဲ့ ဥပဒေက ဘာကို အဓိက Focus ထားလဲဆိုတော့ နောက်ပိုင်း သူတို့လုပ်ငန်းစတင်ဆောင်ရွက်တဲ့နေရာမှာ သူတို့ ဒီဥပဒေပါအတိုင်း လိုက်နာမှုရှိမရှိ သူတို့ Proposal အတိုင်း လိုက်နာမှုရှိမရှိ။ Monitor နဲ့ evaluation အဓိက လုပ်မယ်။ ရင်းနှီးမြှုပ်နှံသူကို အကာအကွယ်ပေးတဲ့ဥပဒေတွေကို နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့ လုပ်ပေးတယ်။ နောက်ပြီးလို့ရှိရင်ရင်းနှီးမြှုပ်နှံသူကို သူတို့ရဲ့အခက်အခဲတွေကိုဗျာ ကူညီပေါင်းစပ်ဖြေရှင်းပေးတဲ့ လည်းပါတယ်ခင်ဗျ။ Notification လေးတွေနဲ့ ဖွဲ့စည်းမှုပဲ ကျန်တော့တယ်။"

မြန်မာနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးမှုနှုန်းက အရင်နှစ်တွေကထက်တိုးတက်လာနိုင်မယ်လို့ အစီရင်ခံစာတွေက ဖော်ပြထားကြပေမယ့် အစိုးရကဒါကိုဖော်ဆောင်နိုင်ပါ့မလားဆို တာကတော့ ဆက်လက်ကြည့်ရှုရဦးမယ်လို့ လုပ်ငန်းရှင်တွေဘက်ကတော့ သုံးသပ်နေကြပါတယ်။ ဒီပြင်စီးပွားရေးဖွံ့ဖြိုးဖို့က ရင်းနှီးမြုပ်နှံမှုဥပဒေတွေပြင်ရုံတင် မဟုတ်ဘဲ ငွေကြေးပိုင်းလည်ပတ်စီးဆင်းမှုကိုလည်း တည်ငြိမ်အောင်လုပ်ဖို့ လိုနေတယ်လို့ထောက်ပြနေကြပါတယ်။

မေခ  / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
မြန်မာ့စီးပွားရေးဖွံ့ဖြိုးမှု တိုးတက်လာနိုင်လို့ အာရှဖွံ့ဖြိုးမှုဘဏ် သုံးသပ် မြန်မာ့စီးပွားရေးဖွံ့ဖြိုးမှု တိုးတက်လာနိုင်လို့ အာရှဖွံ့ဖြိုးမှုဘဏ် သုံးသပ် Reviewed by THITHTOOLWIN on 23:01 Rating: 5
Powered by Blogger.