အငှားယာဉ်များ အသုံးပြုကာ လုယက်မှု အကြိမ်ကြိမ်ကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ စွန်ရဲစီမံချက် ဆောင်ရွက်ခဲ့သဖြင့် အငှားယာဉ်များ အသုံးပြုကာ လုယက်မှု အကြိမ်ကြိမ် ကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိ
ရန်ကုန်၊ ဧပြီ ၁၈

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တရားဥပဒေစိုးမိုးရေးနှင့် မှုခင်းကြိုတင် ကာကွယ်ရေးအတွက် ထိရောက်စွာအရေးယူနိုင်ရန် စွန်ရဲစီမံချက်ဖြင့် ခိုး၊ ဆိုး၊ လု၊ နှိုက်များ ဖမ်းဆီးအရေးယူလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးရှ မြို့နယ်များအတွင်း အငှားယာဉ်များအသုံးပြုကာ လုယက်မှုများကို
အကြိမ်ကြိမ် ကျူးလွန်နေသူများအား ဖော်ထုတ်ဖမ်းဆီးရမိကြောင်းသိရသည်။

စီမံချက်ဆောင်ရွက်နေသော ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူး အောင်မြတ်စိုးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီးအတွင်း အငှားယာဉ်များအသုံးပြုပြီး လုယက်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေးအတွက် သတင်းစုံစမ်းထောက်လှမ်းခဲ့ရာ လှိုင်သာယာမြို့နယ်နေ ဇင်ကိုလတ်ဆိုသူမှာ ၎င်း၏အပေါင်းအသင်းများနှင့်အတူ အုပ်စုဖွဲ့၍ အငှားယာဉ်များဖြင့် လုယက်မှုများကျူးလွန်ခဲ့ကြောင်း သတင်းစုံစမ်း အတည်ပြုရရှိခဲ့သည်။

သတင်းရရှိထားသူ ဇင်ကိုလတ်အားဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ၎င်းမှာ ထွက်ပြေးတိမ်းရှောင်နေပြီး ဧပြီလ ၆ ရက်နေ့ နံနက် ၃ နာရီ အချိန်တွင် ပြစ်မှုကျူးလွန်ရာတွင် အတူပါဝင်သူများဖြစ်သည့် လှိုင်သာယာမြို့နယ်နေ ဇေယျာထက်နှင့် ရဲလင်းအောင်တို့အား လှည်းကူးမြို့နယ်၊ အမြန်လမ်းတိုးလ်ဂိတ်မှလည်းကောင်း၊ နံနက် ၉ နာရီအချိန်တွင် အောင်ကျော်မြင့်အား လှိုင်သာယာမြို့နယ်အတွင်းမှလည်းကောင်း၊ ရဲဝင်းနောင်အား မွန်ပြည်နယ်၊ ရေးမြို့မှလည်းကောင်း အသီးသီးဖမ်းဆီး ရမိခဲ့သည်။

ဖမ်းဆီးရမိသူများအား စစ်ဆေးဖော်ထုတ်ချက်များအရ ၎င်းတို့သည် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ဝေဖြိုးဆိုသူနှင့်တူ 2H---- ProBox အငှားယာဉ်ကိုအသုံးပြုပြီး မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မာလမ်းအတိုင်း စက်ဘီးစီးလာသူ အမျိုးသားတစ်ဦးထံမှ Oppo အမျိုးအစားလက်ကိုင်ဖုန်း (၁)လုံးအားလုယက်ခဲ့ကြောင်း ဖော်ထုတ်ရရှိခဲ့သည်။

ထို့ပြင် ၎င်းတို့ ၄ ဦးသည် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလနှင့် မတ်လများ အတွင်းက 2H---- ProBox အငှားယာဉ်ကိုအသုံးပြုပြီး သင်္ဃန်းကျွန်းဈေးမှ ဈေးဝယ်ပြန်လာသူ အမျိုးသားတစ်ဦးထံမှ ၃ ကျပ်သားခန့်ရှိ ရွှေဆွဲကြိုး(၁)ကုံးနှင့် ရွှေကြုတ်(၁)ခုတို့အားလည်းကောင်း၊ သင်္ဃန်းကျွန်း
မြို့နယ်၊ လေးထောင့်ကန်လမ်းအတိုင်း လမ်းလျှောက်လာသူ အမျိုးသမီးတစ်ဦးလွယ်ထားသော ငွေကျပ်(၁၃)သိန်းနှင့် SONY အမျိုးအစား လက်ကိုင်ဖုန်း ၁ လုံးတို့ပါရှိသည့် စလင်းဘက်အိတ် ၁ လုံးအား လည်းကောင်း လုယက်ခဲ့ကြောင်းပေါ်ပေါက်ခဲ့သည်။


၎င်းတို့ ၄ ဦးသည် ဇင်ကိုလတ်နှင့်အတူ 7E ---- ProBox အငှားယာဉ်ကို အသုံးပြု၍လည်း သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းအတိုင်း စက်ဘီးစီးနင်းလာသူ အမျိုးသားတစ်ဦးထံမှ SAMSUNG အမျိုးအစား လက်ကိုင်ဖုန်း(၁)လုံးအားလည်းကောင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုမာလာရပ်ကွက်၊ လေးထောင့်ကန်လမ်းအတိုင်း စက်ဘီးစီးလာသူ အမျိုးသားတစ်ဦးထံမှ SAMSUNG အမျိုးအစား Tablet ၁ လုံးအားလည်းကောင်း၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်ဈေးအနီး ဆိုင်ကယ်စီးလာသူ အမျိုးသမီးတစ်ဦးထံမှ SAMSUNG Galaxy Mega II အမျိုးအစား လက်ကိုင်ဖုန်း၁ လုံးအားလည်းကောင်း၊ အဆိုပါနေရာတွင် ဆိုင်ကယ်စီးလာသူ အမျိုးသမီးတစ်ဦးထံမှ i phone 4 အမျိုးအစား လက်ကိုင်ဖုန်း ၁ လုံးပါရှိသော စလင်းဘက်အိတ်အားလည်းကောင်း၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်းအတိုင်း လမ်းလျှောက်လာသူ အမျိုးသမီးတစ်ဦးထံမှ ရွှေလက်ကောက်၊ ရွှေလက်စွပ်နှင့် SAMSUNG အမျိုးအစား လက်ကိုင်ဖုန်း ၁ လုံးတို့ထည့်ထားသော စလင်းဘက်အိတ် အား လည်းကောင်း လုယက်ခဲ့ကြကြောင်း ဖော်ထုတ်ရရှိခဲ့သည်။

အလားတူ BB ---- ProBox အငှားယာဉ်ကိုအသုံးပြုပြီး ဇင်ကိုလတ်နှင့်အတူ မင်္ဂလာဒုံမြို့နယ်အတွင်း ရန်ကုန်-ပဲခူးလမ်းအတိုင်း ဆိုင်ကယ်နောက်တွင်ထိုင်စီးလာသူ အမျိုးသမီးတစ်ဦးထံမှ SAMSUNG အမျိုးအစား လက်ကိုင်ဖုန်း ၂ လုံးထည့်ထားသော စလင်းဘက်အိတ်အား လည်းကောင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဘ၀မြင့်မှတ်တိုင်၊ လေးထောင့်ကန်လမ်းအတိုင်း စက်ဘီးစီးနင်းလာသူ အမျိုးသားတစ်ဦးထံမှ ကျောပိုးအိတ်၁ လုံးအားလည်းကောင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မာလမ်းအတိုင်း စက်ဘီးစီးလာသူ အမျိုးသားတစ်ဦးထံမှ honor အမျိုးအစားလက်ကိုင်ဖုန်း
၁ လုံးအားလည်းကောင်း လုယက်ခဲ့ကြကြောင်း ပေါ်ပေါက်ခဲ့သည်။

အငှားယာဉ်များကိုအသုံးပြုပြီး လုယက်မှုများကိုအကြိမ်ကြိမ်ကျူးလွန်ခဲ့ကြသူ ဇေယျာထက်ပါ ၄ ဦးတို့ထံမှ ပြစ်မှုကျူးလွန်ရာတွင်အသုံးပြုခဲ့သော မော်တော်ယာဉ်များနှင့် သက်သေခံပစ္စည်းများအား သိမ်းဆည်း ရမိခဲ့ပြီး သက်ဆိုင်ရာရဲစခန်းများတွင် လုယက်မှုများဖြင့် အမှုများရေးဖွင့် ကာ အရေးယူဆောင်ရွက်လျက်ရှိသည့်အပြင် ပြစ်မှုကျူးလွန်ရာတွင်ပါဝင်ပြီး ထွက်ပြေးတိမ်းရှောင်နေသူ ဇင်ကိုလတ်နှင့် ဝေဖြိုးတို့ ၂ ဦးတို့ကိုလည်း အမြန်ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။

Yangon Police
https://www.facebook.com/yangonpolice
အငှားယာဉ်များ အသုံးပြုကာ လုယက်မှု အကြိမ်ကြိမ်ကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိ အငှားယာဉ်များ အသုံးပြုကာ လုယက်မှု အကြိမ်ကြိမ်ကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 15:48 Rating: 5
Powered by Blogger.