ပြင်သစ်တိုက်ခိုက်မှု ကြံရာပါတဦး ဘယ်လဂျီယံမှာ အဖမ်းခံ


ပြင်သစ်နိုင်ငံ ပါရီမြို့တော်က အထင်ကရ Champs-Elysees လမ်းမကြီးပေါ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုနဲ့ ဆက်နွယ်ပြီး အလိုရှိနေတဲ့ ဘယ်လ်ဂျီယံနိုင်ငံသား တဦးဟာ Antwerp မြို့မှာ လာရောက် အဖမ်းခံခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ အကြမ်းဖက် တိုက်ခိုက်မှုမှာ နံပတ်တစ် အလိုရှိနေသူအဖြစ် အင်တာနက်လူမှုကွန်ယက်တွေမှာ တွေ့ခဲ့ပြီးနောက် မနေ့နှောင်းပိုင်းမှာ လာအဖမ်းခံခဲ့တာဖြစ်ကြောင်း ဘယ်လ်ဂျီယံ တရားလိုရှေ့နေရုံးက ပြောဆိုခဲ့တာပါ။ သံသယရှိသူနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ၊ တိုက်ခိုက်မှုနဲ့ ဆက်နွယ်တဲ့ နောက်ထပ် သတင်းအချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

IS စစ်သွေးကြွ အဖွဲ့ကတော့ တိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး၊ IS အဖွဲ့ဝင် တိုက်ခိုက်ရေးသမားတဦးဖြစ်တဲ့ ဘယ်လ်ဂျီယံနိုင်ငံက Abu Yussef ဆိုသူဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ပါရီမြို့တော် ရဲတပ်ဖွဲ့ကတော့ သေနတ်သမား ဘယ်သူဆိုတာ သိရှိထားပြီးဖြစ်ကြောင်း ပြောဆိုခဲ့ပေမဲ့ ဘယ်သူဘယ်ဝါ ဆိုတာ ထုတ်ဖော် ပြောဆိုခြင်း မရှိသလို၊ IS အဖွဲ့ဝင် ဟုတ်-မဟုတ် ဆိုတာကိုလည်း ပြောဆိုတာမျိုး မရှိပါဘူး။ သေနတ်သမားရဲ့ မိသားစုဝင် ၃ ဦးကိုတော့ ရဲတပ်ဖွဲ့က ဖမ်းဆီး စစ်ဆေးနေပါတယ်။

ဖက်ရှင်ပစ္စည်းဆိုင်တွေ၊ စားသောက်ဆိုင်တွေကြောင့် မြို့ခံတွေနဲ့ ကမ္ဘာလှည့် ခရီးသွားတွေကြား ရေပမ်းစားတဲ့ Champs-Elysees လမ်းမကြီး နေရာတော်တော်များများကို မနေ့တုန်းက ပိတ်ထားခဲ့ရပေမဲ့ ဒီကနေ့မှာတော့ အခြေအနေဟာ ပုံမှန်အတိုင်း လည်ပတ်စပြုနေပါပြီ။

မနေ့တုန်းကဖြစ်ခဲ့တဲ့ ပစ်ခတ်မှုနဲ့၊ ရဲတပ်ဖွဲ့က ကြိုတင်ဖော်ထုတ်နိုင်ခဲ့တဲ့ Marseilles မြို့က တိုက်ခိုက်ဖို့ ကြံစည်မှုတွေဟာ၊ မကြာခင်ကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲကို ထိခိုက်အောင်လုပ်ဖို့ အစ္စလာမ်အစွန်းရောက်တွေရဲ့ ကြိုးပမ်းမှု တစိတ်တပိုင်းဖြစ်ကြောင်း ပြင်သစ်အစိုးရ အဆင့်မြင့် အရာရှိတွေက ပြောဆိုလိုက်ကြပါတယ်။ မဲပေးတဲ့နေ့မှာ တိုက်ခိုက်တာမျိုး အပါအ၀င် အကြမ်းဖက်ဝါဒီတွေက နောက်ထပ် တိုက်ခိုက်ဖို့ စီစဉ်နေတာတွေ ရှိနိုင်တယ်လို့လည်း စိုးရိမ်နေကြပါတယ်။

IS စစ်သွေးကြွအဖွဲ့က သူတို့ အဖွဲ့ဝင် တိုက်ခိုက်ရေးသမားတဦးဖြစ်တဲ့ ဘယ်လ်ဂျီယံနိုင်ငံက Abu Yussef ဆိုသူဖြစ်ကြောင်း ချက်ခြင်းလိုလို သတင်းထုတ်ပြန်ခဲ့တဲ့ သေနတ်သမားဟာ Champs-Elysees လမ်းပေါ်မှာ ရပ်ထားတဲ့ ရဲကားကို ပစ်ခတ်ခဲ့ရာက၊ ရဲတပ်ဖွဲ့ဝင် ၃ ဦးနဲ့ ကမ္ဘာလှည့်ခရီးသွား တဦးကို ထိမှန်ခဲ့တာပါ။ AK-47 မောင်းပြန်သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ သေနတ်သမားကိုတော့ ထွက်ပြေးဖို့ ကြိုးစားစဉ်မှာ အသေပစ်ခတ် ဖမ်းဆီးခဲ့ပါတယ်။ တိုက်ခိုက်မှုအတွင်း ရဲတပ်ဖွဲ့ဝင် တဦးကတော့ ပွဲချင်းပြီး သေဆုံးခဲ့တာပါ။

မီးပွိုင့်မှာရပ်ထားတဲ့ ရဲကားထဲမှာ ရှိနေစဉ် ရဲတပ်ဖွဲ့ဝင် အပစ်ခံခဲ့ရတာလို့လည်း မျက်မြင်တွေ့သူတွေက ပြောပါတယ်။ ဒီနောက်မှာတော့ နောက်ထပ် ကားတစင်းကို သေနတ်သမားက ထပ်မံပစ်ခတ်ခဲ့တာပါ။ တိုက်ခိုက်မှုမှာ တယောက်ထက်မနည်း ပါဝင်နိုင်တယ်လို့လည်း ပြင်သစ်ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပြောဆိုခဲ့သလို၊ ရဲတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်းလည်း အတည်ပြုပြောဆိုခဲ့ပါတယ်။

VOA (မြန်မာပိုင်း)
http://burmese.voanews.com
ပြင်သစ်တိုက်ခိုက်မှု ကြံရာပါတဦး ဘယ်လဂျီယံမှာ အဖမ်းခံ ပြင်သစ်တိုက်ခိုက်မှု ကြံရာပါတဦး ဘယ်လဂျီယံမှာ အဖမ်းခံ Reviewed by THITHTOOLWIN on 21:10 Rating: 5
Powered by Blogger.