![]() |
( ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့က ဂေါ်ရင်ဂျီကျွန်းသွားတဲ့လမ်းပေါ်တွင် ကားများပိတ်မိနေသည်ကို ဧပြီလ ၁၆ ရက်နေ့က တွေ့ရစဉ် )Photo: Paing Soe Oo/ Facebook |
ကားတွေသွားလာလို့ရအောင် လမ်းဦးစီးဌာန၊ စည်ပင်နဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးတို့က ကူညီဆောင်ရွက်ပေးမှုတွေကြောင့် ဒီနေ့မနက်ပိုင်းမှာ ကားအစီး ၂၀ လောက်သွားလို့ရပြီဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသကြီး၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့် က ပြောပါတယ်။
" ဒီမနက်တော့ လမ်းဦးစီးကရော၊ စည်ပင်ရော၊ ထွေအုပ်ရောပေါ့၊ အဖွဲ့ပေါင်းစုံဝိုင်းဝန်းကူညီပြီးတော့ သူတို့ ကားတွေသွားလို့ရအောင် တွန်းပေးလိုက်တဲ့အနေအထားမှာ ကား ၂၀ လောက်တော့ သွားလို့ရသွားပြီတဲ့၊ ကျန်နေတာက ၂၀ လောက်ကျန်နေတယ်၊ ကျန်နေတဲ့ကားတွေလည်း ဆက်ပြီးတော့သွားနေတယ်၊ လမ်းကလည်း မိုးမရွာဘူးဆိုရင် တဖြည်းဖြည်းခြောက်သွားတဲ့ အနေအထားဖြစ်သွားမှာပါ။ "
ဂေါ်ရင်ဂျီကျွန်းသွားတဲ့လမ်းဟာ မြေသားလမ်းတွေဖြစ်ပြီး ဆိုင်ကလုန်းမုန်တိုင်း မာရသာကြောင့် ဧရာဝတီတိုင်းမှာ မနေ့က မိုးတွေဆက်တိုက်ရွာသွန်းခဲ့တဲ့အတွက် နေရာ ၃ နေရာလောက်မှာ ကားတွေက နွံနစ်သလိုဖြစ်ကာ ဆက်သွားလို့မရတော့တာ ဖြစ်ပါတယ်။
ခရီးသွားပြည်သူတွေဟာ တစ်ညတာပိတ်မိခဲ့ပြီး ငရုတ်ကောင်းမြို့ပေါ်နဲ့ နီးစပ်ရာရွာတွေမှာ တည်းခို ခဲ့ကြရပါတယ်။
ဧရာဝတီတိုင်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာနဟာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးအဖွဲ့နဲ့ ချိတ်ဆက်ပြီး ပိတ်မိခဲ့တဲ့ ခရီးသွားတွေအတွက် မနေ့ညက ရေနဲ့ အစားအစာတွေ ကိုလည်း ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။
ဆိုင်ကလုန်းမုန်တိုင်း မာရသာကြောင့် ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီး တို့မှာ မိုးသည်းထန်စွာရွာသွန်းတာတွေ၊ လေပြင်းတိုက်တာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese/
ဂေါ်ရင်ဂျီကျွန်းကပြန်လာတဲ့ ကားအစီးရေ ၄၀ ကျော်ထဲက ၂၀ သွားလို့ရပြီဖြစ်
Reviewed by THITHTOOLWIN
on
17:54
Rating:
