လမ်းပြုပြင်ရေးလုပ်နေစဉ် ကလေးငယ်တစ်ဦးနှင့် လူနှစ်ဦး ဓာတ်လိုက်သေဆုံး


ဧပြီ -၂၅

မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်အတွင်းရှိ လမ်းပြု ပြင်ရေး လုပ်ငန်းခွင်တွင် လုပ်ငန်းလုပ်ကိုင်နေစဉ် ဓာတ်လိုက်မှုကြောင့် ကလေးငယ်တစ်ဦး အပါအဝင် လူနှစ်ဦးသေဆုံး ခဲ့သည်။

ဖြစ်စဉ်မှာ ယနေ့ နေ့ခင်းပိုင်း ၂ နာရီ ခန့်က ဧရာရပ်ကွက်အတွင်းရှိ အော်တိုအိတ်ချိန်းဝန်ထမ်းအိမ်ယာအနီး သခင်နက်ဖေလမ်းနှင့် ရုံးကြီးလမ်းဆုံရာနေရာတွင် လမ်းတိုးချဲ့ပြု ပြင်ခြင်းများ ပြုလုပ်နေသည့်လုပ်သားများသည် မြေသယ်ကားပေါ်တွင် သယ်ဆောင်လာသည့် မြေကြီးများအားသွန်ချရန် ကားဘော်ဒီကိုလှန်လိုက်ရာ လမ်းနံဘေးတွင် သွယ်တန်းထားသော ဗို့အား ၁၁၀၀၀ ရှိဓာတ်အားလိုင်းကြိုးနှင့် ကားဘော်ဒီချိတ်မိရာမှ ကားပေါ်တွင်လိုက်ပါလာသူများအား ဓာတ်လိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


အဆိုပါ ဓာတ်လိုက်မှုကြောင့် ကားပေါ်တွင်လိုက်ပါလာသူလေးဦးအနက် ကားခေါင်းခန်းအတွင်းရှိ ယာဉ်မောင်း ကိုမင်းခန့်၊ အသက်(၃၀)နှစ်နှင့် မောင်ကျော်ကိုကိုလွင် အသက်(၉)နှစ်တို့မှာ ဓာတ်လိုက်ရာမှရရှိသော ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ကျန်သည့် ကိုမောင်မောင်နှင့် ကိုငြိမ်းတို့နှစ်ဦးမှာမူ အခင်းဖြစ်စဉ်က ကားပေါ်တွင်မရှိဘဲ ကားအနီးတွင် မြေကြီးများချရန် နေရာပြပေးနေကြကြောင်းနှင့် ဓာတ်လိုက်နေသူများအား ကူညီကယ်ဆယ်ရန်ကြိုးစားခဲ့ရာ ကူးစက်ဓာတ်လိုက်ကာ မီးလောင်ဒဏ်ရာအချို့ ရရှိခဲ့ကြောင်း၊ ယခုအခါ မြစ်ကြီးနားဆေးရုံတွင် ဆေးကုသမှုခံယူနေကြရပြီး ကိုမောင်မောင်ရရှိသည့်ဒဏ်ရာများမှာ ပြင်းထန်၍ စိုးရိမ်ရကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်အား မြစ်ကြီးနားမြို့မရဲစခန်းမှ (ပ)၁၀၃/၂၀၁၇၊ရာဇသတ်ကြီးပုဒ်မ -၃၀၄ -က ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ဝေဖြိုးအောင်
Myitkyina News Journal
https://www.facebook.com/myitkyinanewsjournal.mm/
လမ်းပြုပြင်ရေးလုပ်နေစဉ် ကလေးငယ်တစ်ဦးနှင့် လူနှစ်ဦး ဓာတ်လိုက်သေဆုံး လမ်းပြုပြင်ရေးလုပ်နေစဉ် ကလေးငယ်တစ်ဦးနှင့် လူနှစ်ဦး ဓာတ်လိုက်သေဆုံး Reviewed by THITHTOOLWIN on 08:20 Rating: 5
Powered by Blogger.