ဧပြီ ၂၀
မြစ်ကြီးနားမြို့၊လယ်ကုန်းရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းတွင် ယနေ့ နေ့ခင်းပိုင်းက မီးလောင်ကျွမ်းမှုတစ်ခုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ဧပြီလ ၂၀ ရက်နေ့ ယနေ့ နေ့လည် ၁ နာရီကျော် ခန့်က လယ်ကုန်းရပ်ကွက်ရှိ သောင်ဦးကျောင်းတိုက်တွင် ဘုရားမီးပူဇော်ထားသည့် LED ရောင်စုံမီးဝိုင်းမှ အပူလွန်ကဲပြီး မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
မီးလောင်မှုကြောင့် သောင်ဦးကျောင်းတိုက်အတွင်းရှိ ပေ ၉၀ × ၄၀ ပတ်လည်အကျယ်ရှိ သွပ်မိုး၊ပျဉ်ကာ ပျဉ်ခင်း၊ခြေတန်ရှည်ဘုန်းကြီးကျောင်းဆောင်တစ်လုံး ပျက်စီးခဲ့ရပြီး ကာလတန်ဖိုး ငွေကျပ် သိန်းရှစ်ဆယ်ကျော် ခန့် မီးလောင်ဆုံးရှုံးခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့၏ တွက်ချက်မှုတွင်
ဖော်ပြထားသည်။
မီးလောင်မှုအား မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၅ စီး၊ရေသယ်ယာဉ် ၂ စီး၊အရန်မီးသတ်ရေသယ်ယာဉ် ၃ စီး၊စည်ပင်ရေသယ်ယာဉ် ၁ စီး စုစုပေါင်း ၁၁ စီးနှင့် မီးသတ်တပ်ဖွဲ့အင်အား သန္ဓေတပ်ဖွဲ့ဝင်၊အရန်တပ်ဖွဲ့ဝင်ပေါင်း ၈၄ ဦးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုကြောင့် လူ၊တိရိစ္ဆာန်ထိခိုက်ဒဏ်ရာရမှု တစ်စုံတရာမရှိကြောင်းနှင့် မီးပေါ့ဆစွာသုံးစွဲ ခဲ့သူအား အမှုဖွင့်အရေးယူနိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်နေကြောင်း ပြည်နယ်မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။
ဝေဖြိုးအောင်
Myitkyina News Journal
https://www.facebook.com/myitkyinanewsjournal.mm/
ဘုရားမီးပူဇော်ရာမှ ဘုန်းတော်ကြီးကျောင်း မီးလောင်
Reviewed by THITHTOOLWIN
on
19:43
Rating:
