စစ်တွေမြို့မိ မြို့ဖ တစ်ဦးအား ဓည၀တီ ရေတပ်စခန်းမှ ကိုယ်ထိလက် ရောက် စော်ကားမှု ၀န်ကြီးချုပ်ထံ တိုင်ကြား

ဓာတ်ပုံ ၊ ဂေါယာမြေ စောဝင်း ( Fb )
 ဧပြီ ၂၃

ရခိုင်ပြည်နယ် စစ်တွေမြို့မိမြို့မ တစ်ဦးဖြစ်သူ ဦးမောင်သာစိန်အား ဓည၀တီ ရေတပ်စခန်းမှ တပ်မတော်သားတစ်ချို့က ကိုယ်ထိလက်ရောက် ရိုင်းပြစော်ကားမှုများ ပြုလုပ်ခဲ့သည်ဟုဆိုကာ ဧပြီလ ၂၁ ရက်နေ့က ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပုထံ တိုင်ကြားခဲ့ကြောင်း သိရသည်။

ယင်းသို့ တိုင်ကြားရခြင်းမှာ သင်္ကြန်ကာလ ဧပြီလ ၁၆ ရက်နေ့ ညနေပိုင်းအချိန်က ဓညဝတီရေတပ်စခန်း ခြံစည်းရိုး ပြင်ဖက် ရှုခင်းသာလမ်းပေါ်တွင် တပ်မတော်သားတစ်စုမှ ရေထွက်ပေါက်ကြီးသည့်ပိုက်လုံးများကိုထမ်းကာ စည်းမျဉ်း ၊ စည်းကမ်းမကျသည့် ရေလောင်းခြင်းပုံစံမျိုးဖြင့် ရေလောင်းနေကြသည့်အတွက်ယာဉ်ကြောပိတ်ဆို့မှုများ ဆက်လက် မဖြစ်ပေါ်စေရန်နှင့် အခြားမလိုလားအပ်သော ပြဿနာများမဖြစ်ပေါ်စေရန် မြို့မိမြို့ဖဦးမောင်သာစိန်က ယင်းကိစ္စနှင့် ပတ်သက်ပြီးမေးမြန်းခဲ့ရာ ၎င်းတို့ ( ၇ ) ဦးခန့်ရှိသော တပ်မတော်သားများက အလေးထားဂရုမပြုသည့်အပြင် ပြည်သူ လူထုအပေါ်ပြုကျင့်ရမည့် ကျင့်ဝတ်များကိုချိုးဖောက်ပြီး ဦးမောင်သာစိန်အပေါ် ရိုင်းပြစော်ကားဆဲဆိုကြိမ်မောင်း ခြိမ်းခြောက် အသရေဖျက်ခြင်း၊ ကိုယ်ထိ လက်ရောက်ကျူးလွန်ခြင်းတို့ကို ပြုခဲ့ကြသည်သာမက ၎င်း၏ဆိုင်ကယ်ကို လုယူသည့် ပြစ်မှုကိုပါ ထိုတပ်မတော်သားတစ်စုတို့မှ ကျူးလွန်ခဲ့ကြကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ထံ တိုင်ကြားစာတွင် ဖော်ပြပါရှိသည်။

“ကျွန်တော်နဲ့ အဖော်ပါလာတဲ့တစ်ယောက်ကိုပါ ရေတပ်စခန်းထဲခေါ်သွားတယ်၊ ပြီးတော့ မင်းဘာကောင်လဲ၊ မင်းတို့မှာ ဘာအာဏာရှိလဲ၊ ဟေ့ကောင်တွေ လာပြီးကြောင်မနေကြနဲ့၊ မင်းတို့မြို့မိ၊မြို့ဖတောင်မကဘူး၊ ရခိုင်တမျိုးလုံးကိုပါ သတ်ပစ်လို့ရတယ်၊ ဒါတပ်ကွလို့ပြောပြီးတော့ အင်္ကျီဂေါ်လာတွေကိုဆွဲ၊ ရင်ဘတ်တွေတွန်းနဲ့ လုပ်တယ်၊ ဒီကောင်တွေကို ချုပ်ထားလိုက်ကွာဆိုပြီး မဖွယ်မရာတွေပြောသေးတယ်။ နောက်တော့မှ ဒီကောင်တွေ အပြင်ထုတ်လိုက်ကွာလို့ပြောတယ်။ နောက်ပြီး ကျွန်တော့်လက်မှာကိုင်ထားတဲ့ ဆိုင်ကယ်သော့ကိုပါယူထားလိုက်တယ်။ နှစ်ရက်အတွင်း ဆိုင်ကယ်ကို လာယူလို့လည်းပြောတယ်။ ကျွန်တော်က ရှက်ပြီးတော့ ဘာမှမပြောနိုင်တော့ဘဲ ရေတပ်အပြင် ရောက်တော့မှငိုချ လိုက်တယ် ” ဟု စစ်တွေမြို့မိ မြိုဖ တစ်ဦးဖြစ်သူ ဦးမောင်သာစိန်က ပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဧပြီလ ၂၀ ရက်နေ့က စစ်တွေမြို့ မဏိရတနာကျောင်းတိုက်သိမ်တော်တွင် စစ်တွေမြို့မိ၊ မြို့ဖအဖွဲ့ အလုပ်အမှုဆောင်ကော်မတီမှ အရေးပေါ်အစည်းအဝေးတစ်ရပ်ပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးမှ ဆုံးဖြတ်ချက်အား ဝန်ကြီးချုပ်မှ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရန် တိုင်ကြားခဲ့ကြောင်းလည်း သိရသည်။

“ မြို့မိ၊မြို့ဖတစ်ဦးကို စော်ကားတာဟာ တစ်မြို့လုံးကိုစော်ကားတာနဲ့ အတူတူပါဘဲ၊ သူတို့က မြို့မိ၊မြို့ဖကိုပါ ထည့်လို့ပြောလာတဲ့အတွက် မြို့မိ၊မြို့ဖတစ်ဖွဲ့လုံးမှာလဲတာဝန်ရှိတယ်။ ဒါကြောင့် မြို့မိ၊မြို့ဖအဖွဲ့ရဲ့ အစည်း အဝေးဆုံးဖြတ်ချက်အရ ဝန်ကြီးချုပ်ကို တိုင်ကြားရတာဖြစ်တယ် ” ဟု စစ်တွေမြို့မိ၊မြို့ဖ အဖွဲ့ဝင်တစ်ဦးဖြစ်သူ စာရေးဆရာ ဂေါယာမြေစောဝင်းက ပြောသည်။

၎င်းဖြစ်စဉ်ဖြစ်ပွားခဲ့မှုနှင့်ပတ်သက်ပြီး ဥပဒေအရ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း မြို့မိမြို့ဖ ဦးမောင်သာစိန်က ဆိုသည်။

“ ကျွန်တော့်အသက် ၆၀ ကျော်ပြီ၊ အခုလို့ရိုင်းပြစော်ကားခံရတာမျိုး တစ်ခါမှမရှိခဲ့ဘူး ။ အန္တရာယ်မဖြစ်ရအောင် စေတနာနဲ့သွားပြောတာကို ဒီလိုစော်ကားတဲ့အတွက် အလွန်တရာခံစားရပါတယ်။ တခါမှဒီလိုမခံစားဖူးဘူး၊ အခုလည်းခံစားနေရတုန်းပဲ ” ဟု ၄င်းက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းအား ဆက်သွယ်မေးမြန်းခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်းမရှိသည့်အတွက် ဆက်သွယ်၍မရရှိခဲ့ပေ။

BY နေ၀င်းစံ ၊
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal
စစ်တွေမြို့မိ မြို့ဖ တစ်ဦးအား ဓည၀တီ ရေတပ်စခန်းမှ ကိုယ်ထိလက် ရောက် စော်ကားမှု ၀န်ကြီးချုပ်ထံ တိုင်ကြား စစ်တွေမြို့မိ မြို့ဖ တစ်ဦးအား ဓည၀တီ ရေတပ်စခန်းမှ ကိုယ်ထိလက် ရောက် စော်ကားမှု ၀န်ကြီးချုပ်ထံ တိုင်ကြား Reviewed by THITHTOOLWIN on 17:37 Rating: 5
Powered by Blogger.