မဲဆောက်အချုပ်ခန်းတွင် ထိန်းသိမ်းခံရသော နေရပ်ပြန် မြန်မာအလုပ်သမား ၅၄ ဦး ပြန်လည် လွတ်မြောက်


ဧပြီ ၄ ရက်။ ၂၀၁၇ ခုနှစ်။ စောသိန်းမြင့်

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ ရဲအချုပ်ခန်းတွင် ဖမ်းဆီးထိန်းသိမ်းခံရသော ဘန်ကောက်မှ နေရပ်ပြန် မြန်မာရွှေ့ ပြောင်း အလုပ်သမား ၅၄ ဦးအား မြန်မာနိုင်ငံ အလုပ်သမား ၀န်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့ နှစ် နိုင်ငံ တာဝန်ရှိသူများ၏ ညှိနှိုင်းဆောင်ရွက်မှုအရ ယနေ့ မွန်းလွဲပိုင်းတွင် ပြန်လည်လွတ်မြောက်သွားပြီဟု မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA ) ဥက္ကဌ ဦးမိုးကြိုးက ပြောသည်။

ဧပြီ ၁ ရက်နှင့်၂ ရက်နေ့တို့တွင် ၎င်းနေရပ်ပြန်မည့် မြန်မာအလုပ်သမား အုပ်စု ၂ စု၊ စုစုပေါင်း ၅၄ ဦးသည် ထိုင်းနိုင်ငံ အစိုးရမှ သတ်မှတ်ထားသည့် သင်္ကြန်ကာလ အိမ်ပြန်ရက် အချိန်မတိုင်မီ ပြန်လာမှုနှင့် စာရွက်စာ တမ်း အထောက်အထားအစုံအလင် မပါဝင်မှုတို့ကြောင့် တာ့ခ်ရှိ ဝေးလယားအု စစ်ဆေးရေးဂိတ်တွင် ဖမ်း ဆီးခံရကာ မဲဆောက် ရဲအချုပ်ခန်း၌ ထိန်းသိမ်းခံခဲ့ရပြီးနောက် ဘန်ကောက်မြို့ရှိ မြန်မာအလုပ်သမား သံအ ရာရှိ ဦးမိုးအောင်ခိုင်တို့၏ ကွပ်ကဲမှုဖြင့် နှစ်နိုင်ငံချစ်ကြည်ရေး အစီအစဉ်အရ ယခုလို လွတ်မြောက်လာ ခြင်း ဖြစ်သည်။

၎င်းအလုပ်သမားများ လွတ်မြောက်ရေးကို ပါဝင်ကူညီပေးခဲ့သူ JACBA ဥက္ကဌ ဦးမိုးကြိုးက “တကယ်ဆို ထိုင်း လူဝင်မှု ကြီးကြပ်ရေး ဥပဒေအရ အနည်းဆုံး ထောင်ဒဏ် ၄၈ ရက်ချမှတ်နိုင်တယ်။ မြန်မာနိုင်ငံ အစိုးရရဲ့ ကိုယ်စား မြန်မာနိုင်ငံ အလုပ်သမား လူဝင်မှု ကြီးကြပ်ရေး ပြည်သူ့အင်အား ၀န်ကြီးဌာန တာဝန်ခံတယ်။ ထိုင်းအစိုးရဘက်ကတော့ ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ခံတယ်။ နှစ်နိုင်ငံ ချစ်ကြည်ရေး အစီအစဉ်အရ ၃ ညအိပ်၊ ၄ရက်ထက် မပိုတဲ့ ပြစ်ဒဏ်ရယ်၊ ငွေဒဏ် တစ်ထောင့်ငါးရာရယ် ပြီးစီးသွားတာပေါ့။”ဟု ကေအိုင်စီ သို့ ပြောသည်။

ထို့အပြင် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ယခင်နှစ်က မိမိဆန္ဒအလျောက် ပြန်၍ ရသော်လည်း ယခုနှစ် သင်္ကြန်ကာလ အိမ်ပြန်ရက်ကို ဧပြီ ၅ ရက်မှ ၃၀ ရက်အတိအကျ သတ်မှတ်ထားခြင်းကို အထူးသတိ ပြုစေလိုကြောင်း၊ နေရပ်ပြန်ရာတွင် လိုအပ်သည့် အထောက်အထား အစုံအလင်ပါရှိရန်လိုအပ်ပြီး မိမိ ထွက်ခွါသည့် လမ်းကြောင်းအတိုင်းသာ ဧပြီလ ၃၀ရက်နေ့တွင် အချိန်မီ လုပ်ငန်းခွင်ဆီ ပြန်ဝင်လာရန် လိုအပ်ကြောင်းနှင့် သတ်မှတ်ရက် ကျော်လွန်ပါက မိမိ လက်ဝယ်ရှိ အထောက်အထား ယာယီပတ်စ်ပို့များ ပယ်ဖျက်ခံရနိုင်သည်ဟု ဦးမိုးကြိုးက ဖြည့်စွက်ပြောဆိုသည်။


ထိုင်းနိုင်ငံအတွင်း အလုပ်သမား ပတ်စ်ပို့ (VISA NON-LA) နှင့် ပန်းရောင်ကတ်ကိုင်ဆောင်ထားသူ မြန်မာရွှေ့ပြောင်း အလုပ်သမားများအနေဖြင့် နှစ်သစ်ကူးသင်္ကြန်ကာလ နေရပ်ပြန်ရာတွင် ဗီဇာဆိုင်ရာ အထွေထွေကုန်ကျစရိတ် ကင်းလွတ်ခွင့်နှင့် အဖမ်းအဆီးမရှိဘဲ နေရပ်ပြန်နိုင်ကြောင်း မတ် ၁၄ နေ့တွင် ထိုင်းအစိုးရက အထူးကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက် အဆိုပါ မြန်မာရွှေ့ပြောင်း အလုပ်သမား ၅၄ ဦးမှာ ပထမဆုံးအကြိမ် ဖမ်းဆီးထိန်းသိမ်းခံရခြင်းဖြစ်သည်။

ယခင်နှစ်၂၀၁၆ ခုနှစ်က ထိုင်းအစိုးရသည် သင်္ကြန်ကာလအတွင်း ရွှေ့ပြောင်းအလုပ်သမားများ နေရပ်ပြန်ခွင့် ကို ၁၀ ရက်သာ သတ်မှတ်ထားသော်လည်း ယခု ၂၀၁၇ ခုနှစ်တွင်မူ ၂၅ ရက်နေ့ အထိ တိုးမြှင့် သတ်မှတ်ပေး ထားသည်။

ထိုင်းနိုင်ငံတွင် တရားဝင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း ၁,၇၉ ၅,၀ ၆၆ဦး ရှိသည်ဟု ထိုင်းနိုင်ငံ အလုပ်သမား ရှာဖွေရေးရုံး၏ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ထုတ်ပြန်ချက်အရ သိရသည်။

 စောသိန်းမြင့် / KIC
http://kicnews.org
မဲဆောက်အချုပ်ခန်းတွင် ထိန်းသိမ်းခံရသော နေရပ်ပြန် မြန်မာအလုပ်သမား ၅၄ ဦး ပြန်လည် လွတ်မြောက် မဲဆောက်အချုပ်ခန်းတွင် ထိန်းသိမ်းခံရသော နေရပ်ပြန် မြန်မာအလုပ်သမား ၅၄ ဦး ပြန်လည် လွတ်မြောက် Reviewed by THITHTOOLWIN on 18:22 Rating: 5
Powered by Blogger.