ပစိဖိတ် သမုဒ္ဒရာ အနောက်တောင်ပိုင်းရှိ နယူးဇီလန်ကျွန်းစုနိုင်ငံရဲ့ မြောက်ပိုင်း ကျွန်းစု အရှေ့ဘက် ကမ်းခြေ တလျှောက် မြို့တွေက လူတွေဟာ မျိုးဆက်ပေါင်းများစွာ အတွင်းမှာ အဆိုးရွားဆုံးလို့ ခေါ်တွင်နိုင်မယ့် မုန်တိုင်း တခု ဝင်လာဖို့ရှိလို့ အိုးအိမ်တွေက စွန့်ခွာထွက်ပြေးနေရပါတယ်။
ဆိုင်ကလုန်း ကွတ်ခ် လို့ အမည်ပေးထားတဲ့ အပူပိုင်းမုန်တိုင်းဟာ လာမယ့် သောကြာနေ့ မှာ တောင်ပိုင်း ကျွန်းစုဘက် အထိ လျှင်လျှင်မြန်မြန် ကျရောက်မလာမီ ဂရင်းနစ်စံတော်ချိန် ၆ နာရီ (ဒေသစံတော်ချိန် ၁၈ နာရီ) မှာ ပင်လယ်ကနေ ကမ်းခြေကို စတင်ဝင်ရောက်မယ်လို့ ယူဆထားကြပါတယ်။
ဒီရေလှိုင်း မြင့်တက်ခြင်း၊ ပင်လယ်ရေလှိုင်းလုံးကြီးများ ကမ်းခြေကို ဝင်ရောက်ခြင်းနဲ့ မြေပြိုမှုတွေ ဖြစ်ပွားနိုင်ကြောင်း အာဏာပိုင်တွေက သတိပေးချက် ထုတ်ပြန်ထားပါတယ်။
သိပ်မကြာမီက ဆိုင်ကလုန်း ဒက်ဘီရဲ့ အဖျားခတ်မှုကြောင့် ရေကြီးရေလျှံမှုတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တဲ့ နယူးဇီလန်မှာ အခု နောက်ထပ် အင်အားပြင်း ဆိုင်ကလုန်း တလုံး ဒဏ်ခံရမယ့် အခြေအနေ ဖြစ်နေပါတယ်။
အခုဆိုရင် နယူးဇီလန် မြောက် ကျွန်းစု ရဲ့ ဒေသအတော်များများမှာ နိုင်ငံတော် အဆင့် အရေးပေါ် အခြေအနေ ကြေညာထားရပါတယ်။
မြေပြိုကျမှုတွေ၊ ကားလမ်းပိတ်ဆို့မှုတွေ ဖြစ်ခဲ့ပြီး ဖြစ်တဲ့ မြေနိမ့်ပိုင်းဒေသ ကိုရိုမန်ဒဲလ် (Coromandel) မှာဆိုရင် ဒေသခံတွေကို အလျှင်အမြန် နေအိမ်တွေကနေ ထွက်ခွာကြဖို့ နှိုးဆော်ထားပါတယ်။
အရင် အပတ်က ဆိုင်ကလုန်း ဒက်ဘီ နောက်ဆက်တွဲ ရေကြီးမှုဒဏ် ခံခဲ့ရတဲ့ ပလန်တီပင်လယ်အော် မှာ ဆိုရင်လည်း အခု လာမယ့် ဆိုင်ကလုန်း ကွတ်ခ် အတွင်းမှာ မိုးရေချိန် ၁၁ လက်မ (၃၀၀ မီလီမီတာ) လောက် မိုးရွာသွန်းမယ် ခန့်မှန်းရလို့ အိမ်တချို့ ရေပြန်မြုပ်မယ့် အခြေအနေ ရင်ဆိုင်နေရတယ်လို့ ဘီဘီစီရဲ့ နယူးဇီလန် နဲ့ သြစတြေးလျ သတင်းထောက် Hywel Griffith က ပြောပါတယ်။
လာမယ့် မုန်တိုင်း အတွင်း အမြင့်ဆုံး ၁ နာရီ ၉၃ မိုင် (၁၅၀ ကီလိုမီတာ) နှုန်း လေပြင်းတွေလည်း တိုက်ခတ်နိုင်ပါတယ်။
ကျွန်းတခုလုံးမှာ ကျောင်းတွေနဲ့ စီးပွားလုပ်ငန်း စောစောစီးစီး ပိတ်သိမ်းထားကြပြီး ရေကြီးမှု ဒဏ် လတ်တလော ခံထားရတဲ့ မြောက်ပိုင်းကျွန်းစုက အော့ကလန် မြို့ကြီးမှာ ဆိုရင် လူတွေဟာ လာမယ့် မုန်တိုင်းအတွက် စားနပ်ရိက္ခာတွေ စုဆောင်းနေကြပါပြီ။
ဘီဘီစီမြန်မာပိုင်း
BBC Burmese
https://www.facebook.com/bbcburmese/
နှစ်ပေါင်းများစွာ အတွင်း အကြီးဆုံး ဆိုင်ကလုန်းမုန်တိုင်း တခု နယူးဇီလန်ကို ဝင်မယ်
Reviewed by THITHTOOLWIN
on
16:07
Rating:
