ကျပ်တစ်သောင်းတန် မြန်မာငွေစက္ကူအတု ကိုင်ဆောင်သုံးစွဲသူအား သင်္ဃန်းညီနောင် နယ်မြေရဲစခန်းမှူးနှင့် ပူးပေါင်းအဖွဲ့က ဖော်ထုတ် ဖမ်းဆီးရမိ


သင်္ဃန်းညီနောင် ဧပြီ ၂၅

ကရင်ပြည်နယ် မြဝတီမြို့နယ် မဲကနယ်ကျေးရွာတွင် မြန်မာငွေစက္ကူအတုများ ကိုင်ဆောင်သုံးစွဲနေသော အမျိုးသားတစ်ဦးအား သင်္ဃန်းညီနောင် နယ်မြေ ရဲစခန်းမှူးဦးစီးသည့် ပူးပေါင်းအဖွဲ့ဖြင့် ဖော်ထုတ်ဖမ်းဆီးခဲ့ရာမှ ကျပ်တစ်သောင်း တန် မြန်မာငွေစက္ကူအတု ၁ဝ ရွက်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်မှာ ဧပြီ ၂၄ ရက် မွန်းတည့် ၁၂ နာရီက မြဝတီမြို့နယ် မဲကနယ် ကျေးရွာ၌ အမျိုးသားတစ်ဦးက ငွေစက္ကူအတုများ ကိုင်ဆောင်သုံးစွဲနေကြောင်း သတင်းရရှိသဖြင့် သင်္ဃန်းညီနောင်နယ်မြေရဲစခန်းမှူးနှင့် အမှတ်(၁ဝ)မှုခင်းရဲတပ်ဖွဲ့ဝင်တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘားအံမြို့နယ် ခရား အတွင်းကျေးရွာမှ ခင်မောင်ဝင်းအား မဲကနယ်ကျေးရွာ ဘုန်းကြီးကျောင်းရှေ့ လမ်းမပေါ်တွင် တွေ့ရှိ၍ ရှာဖွေရာ ၎င်း၏ဝဲဘက်လက်အတွင်း ဆုပ်ကိုင် ထားသော မြန်မာအက္ခရာ ကင-၂၃၂၄၂၄၉၊ ကင-၂၃၂၄၂၅ဝ၊ ကင- ၂၃၂၄၂၅၂၊ ကင-၂၃၂၄၂၅၄၊ ဃဂ- ၃၅၂၂ဝ၁၁၊ ဃဂ-၃၅၂၂ဝ၁၄၊ ဃဂ- ၃၅၂၂၁၂၅၊ ဃဂ-၃၅၂၂၁၃၂၊ ဃဂ-၃၅၂၂၁၃၈၊ ဃဂ- ၃၅၂၂၁၄ဝ နံပါတ်ပါ ကျပ်တစ်သောင်းတန် မြန်မာငွေစက္ကူအတု ၁ဝ ရွက်အား ရှာဖွေတွေ့ရှိ သိမ်း ဆည်းရမိခဲ့သည်။

သိမ်းဆည်းရမိခဲ့သော မြန်မာငွေစက္ကူ တစ်သောင်းကျပ်တန်အတုများနှင့် ပတ်သက်၍ မေးမြန်းစစ်ဆေးရာ အဆိုပါ ကျပ်တစ်သောင်းတန်ငွေစက္ကူ အတုများမှာ ဧပြီ ၂၂ ရက် ည ၉ နာရီခန့်တွင် မြဝတီမြို့ အမှတ်(၅) ရပ်ကွက် ချစ်ကြည်ရေးလမ်းမပေါ်၌ ယခင်က ခင်မင်ရင်းနှီးခဲ့ဖူးသူ ညွန့်ဝင်း(နေရပ်လိပ်စာ စိစစ်ဆဲ)ထံမှ ထိုင်းဘတ်ငွေ ၁ဝဝဝ အား မြန်မာငွေစက္ကူ ကျပ်တစ်သောင်း တန်အရွက် ၂ဝ နှင့် လဲလှယ်ရရှိခဲ့ပြီး မြဝတီမြို့နယ် မဲကနယ်ကျေးရွာတွင် သုံးစွဲရန် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျပ်တစ်သောင်းတန် မြန်မာငွေစက္ကူအတုများအား လက်ဝယ်ထားရှိသုံးစွဲသူ ခင်မောင်ဝင်းအား ဥပဒေနှင့်အညီ သင်္ဃန်းညီနောင် နယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူထားပြီး ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မင်းသူ၊ ထွန်းထွန်းထွေး (ဘားအံ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ကျပ်တစ်သောင်းတန် မြန်မာငွေစက္ကူအတု ကိုင်ဆောင်သုံးစွဲသူအား သင်္ဃန်းညီနောင် နယ်မြေရဲစခန်းမှူးနှင့် ပူးပေါင်းအဖွဲ့က ဖော်ထုတ် ဖမ်းဆီးရမိ  ကျပ်တစ်သောင်းတန် မြန်မာငွေစက္ကူအတု ကိုင်ဆောင်သုံးစွဲသူအား သင်္ဃန်းညီနောင် နယ်မြေရဲစခန်းမှူးနှင့် ပူးပေါင်းအဖွဲ့က ဖော်ထုတ် ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 09:15 Rating: 5
Powered by Blogger.