ကားနောက်ဘီးဖြင့် ကြိတ်မိ၍ ဦးခေါင်းကြေမွသေဆုံး


မြ၀တီ ဧပြီ ၂၇

 ဧပြီလ ၂၆ရက်နေ့  မွန်းလွဲ ၂ နာရီ ၅၀မိနစ်ချိန်ခန့်  ကရင်ြပည်နယ်၊ မြ၀တီမြို့တွင် ထိုင်းနိုင်ငံသားမောင်းနှင်သည့် (ထိုင်းနိုင်ငံ)၂၂ ဘီးကုန်တင်ယာဉ်အား နောက်မှ ကျော်တက်သည့် ဆိုင်ကယ်မှ ၎င်းယာဉ်၏ ၀ဲဘက်ခြမ်းဖြင့် ပွတ်တိုက်မိပြီး ဆိုင်ကယ်လဲကျတိမ်းမှောက်သွားစဉ် ဆိုင်ကယ်နောက်မှ လိုက်ပါစီးနင်းလာသူအား ထိုင်းကုန်တင်ယာဉ်မှ နောက်ဘီးဖြင့် ကြိတ်မိ၍ ဦးခေါင်းကြေမွကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားမှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ၂၆-၄-၂၀၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၀မိနစ်ချိန်ခန့် အမှတ်(၅)ရပ်ကွက်၊ဗိုလ်ချုပ်လမ်းမကြီးတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၇၃)ယာဉ်ထိန်းတပ်ဖွဲ့စု(မြ၀တီ)မှ ရဲအုပ်ဟန်ကိုကိုဝင်းဦးစီး၍ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ပါသည်။

 မြ၀တီမြို့နယ်၊ ရေပူကျေးရွာဘက်မှ မြ၀တီမြို့တွင်း ဘက်သို့ တင်အေး၊ (၃၂နှစ်)၊(ဘ)ဦးမြ၀င်း မောင်းနှင်ပြီး နောက်မှ ဦးကျော်စိန်အောင်၊(၄၀ နှစ်)၊ (ဘ) ဦးအေးချမ်းလိုက်ပါလာသော Honda Dream- 110 အစိမ်းရောင် ဆိုင်ကယ်သည် မြတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ မဟာစည်သာသနာပြု ရိပ်သာမုဒ်ဝရှေ့အရောက် ရှေ့မှ ထိုင်းနိုင်ငံသား Mr.Saroj မောင်းနှင်နေသော ယာဉ်အမှတ် 70/2442 နံပါတ်တပ်၊ဟီးနိုး(၂၂)ဘီးကုန်တင်ယာဉ် ၊အဖြူရောင်အား ကျော်တက်ရာ (၂၂)ဘီးကုန်တင်ယာဉ်၏ ၀ဲဘက်ခြမ်းနှင့်ပွတ်တိုက်မိ၍ ဆိုင်ကယ်လဲကျတိမ်းမှောက်သွားစဉ် ဆိုင်ကယ်နောက်မှ လိုက်ပါစီးနင်းသူ ဦးကျော်စိန်အောင်အား ထိုင်းကုန်တင်ယာဉ်၏ နောက်ဘီးဖြင့် ကြိတ်မိခဲ့ခြင်းဖြစ်သည်။

ယာဉ်တိုက်မှုကြောင့် ဦးကျော်စိန်အောင်တွင် ဦးခေါင်းကြေမွ၊ ယာပေါင်ပေါက်ပြဲ၊ ယာခြေကျင်းဝတ်စုတ်ပြဲဒဏ်ရာ များရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ဆိုင်ကယ်မောင်းနှင်သူ တင်အေးတွင်ယာလက်ကောက်ဝတ်ပေါက်ပြဲ၊ ယာမျက်ခုံးကွဲ (မစိုးရိမ်ရ)ဒဏ်ရာတို့ ရရှိခဲ့သဖြင့် သေဆုံးသူနှင့် ဒဏ်ရာရသူတို့အား ရဲဆေးစာဖြင့် မြ၀တီဆေးရုံသို့ ပို့ဆောင် ထားသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ယာဉ်/ဆိုင်ကယ်အား မဆင်မခြင်အရှိန်ပြင်းစွာ မောင်းနှင်မှုကြောင့် လူအား ကြိတ်မိ၍ ဒဏ်ရာရရှိသေဆုံးစေသူ ထိုင်းကုန်တင်ယာဉ်မောင်း ထိုင်းနိုင်ငံသား Mr.Saroj နှင့်ဆိုင်ကယ်မောင်းနှင်သူ တင်အေးတို့ နှစ်ဦး အား ရဲအုပ်ဟန်ကိုကိုဝင်းမှ တရားလိုပြုလုပ်၍ မြ၀တီမြို့မရဲစခန်းတွင် ယာဉ်(ပ)၂၄/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၂၇၉/၃၃၇/၃၀၄-က တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မင်းသူ/ထွန်းထွန်းထွေး (ဘားအံ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ကားနောက်ဘီးဖြင့် ကြိတ်မိ၍ ဦးခေါင်းကြေမွသေဆုံး ကားနောက်ဘီးဖြင့် ကြိတ်မိ၍ ဦးခေါင်းကြေမွသေဆုံး Reviewed by THITHTOOLWIN on 20:15 Rating: 5
Powered by Blogger.