ဆိုင်ကယ်စီးလာသည့် အမျိုးသမီးထံမှ ရွှေဆွဲကြိုး ဖြုတ်ယူထွက်ပြေးသူအား ရဲတပ်ဖွဲ့နှင့် ပြည်သူ ပူးပေါင်း ဖမ်းဆီးရမိ
ဧပြီ ၇
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၂၆×၇၈လမ်းထောင့်တွင် ဧပြီလ ၇ရက်နေ့ မွန်းလွဲ ၃နာရီခွဲ အချိန်ခန့်က ဆိုင်ကယ်စီးလာသည့် အမျိုးသမီးထံမှ ရွှေဆွဲကြိုး ဖြုတ်ယူထွက်ပြေးသူအား တာဝန်ကျ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ နယ်မြေခံ လှည့်ကင်း ရဲတပ်ဖွဲ့နှင့် ပြည်သူ ပူးပေါင်းဖမ်းဆီရမိခဲ့သည်။
ဖြစ်စဉ်မှာ ၂၇လမ်း၊ ၇၄×၇၅လမ်းကြားနေ မလင်းအိအိဇော်၊ ၂၅နှစ်သည် နေအိမ်မှ ဆိုင်ကယ်ဖြင့် ၂၆လမ်း၊၇၄×၇၅လမ်းကြားရှိ ဖုန်း Service Center တွင် အပ်ထားသော ဖုန်းအား တစ်ဦးတည်း သွားရောက်ယူဆောင်စဉ် ၂၆×၇၇လမ်းထောင့်အရောက် ဘေးမှ ကပ်လိုက်လာသော အမျိုးသားနှစ်ဦးမောင်းနှင်လာသော ရုပ်ဆိုးဆိုင်ကယ်၏ နောက်မှထိုင်လိုက်လာသည့် အမျိုးသားမှ မလင်းအိအိဇော်ဆွဲထားသော ၁၄သိန်းခန့်တန်ဖိုးရှိ ရွှေဆွဲကြိုးနှင့် ဆွဲသီးတို့အား ဖြုတ်ယူ၍ ၂၆လမ်းအတိုင်း အရှေ့သို့ မောင်းနှင်ထွက်ပြေးခဲ့သည်။
မလင်းအိအိဇော်သည် ပတ်ဝန်းကျင်သို့ အော်ဟစ် အကူအညီတောင်းခံကာ နောက်မှ လိုက်၍ ဆွဲကြိုးဖြုတ်ပြေးသူ၏ ဆိုင်ကယ်အား ချိတ်တိုက်စဉ် ဆိုင်ကယ်နောက်မှ ထိုင်လိုက်ပါလာသူမှာ ဆိုင်ကယ်ပေါ်မှ ခုန်ချ၍ ၂၆လမ်းအတိုင်း အနောက်ဖက်သို့ ထွက်ပြေးစဉ် ၂၆×၇၈လမ်းထောင့်အရောက် တာဝန်ကျယာဉ်ထိန်းရဲ၊ လှည့်ကင်းဆောင်ရွက်နေသော အမှတ်(၈)မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ထင်လင်းကျော်နှင့် အဖွဲ့၊ ပတ်ဝန်းကျင်ရှိ ပြည်သူများ ပူးပေါင်း၍ ဖမ်းဆီးရမိခဲ့ပြီး အမှတ်(၈)မြို့မရဲစခန်းသို့ ပို့ဆောင်ခဲ့သည်။
ဖမ်းဆီးရမိသူမှာ အောင်အောင်(ခ)အောင်ကိုမြတ်၊ ၄၀နှစ်၊ (ဘ)ဦးခင်ဇော်၊ ကျပန်း၊ ၁၄လမ်း၊ အုတ်စက်ရပ်၊ အောင်မြေသာစံမြို့နယ်နေသူဖြစ်ပြီး ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားသူမှာ နောင်နောင်(စိစစ်ဆဲ)ဖြစ်ကြောင်း စစ်ဆေးဖော်ထုတ်ချက်အရ သိရပြီး ၎င်းတို့နှစ်ဦးကို အမှတ်(၈)မြို့မရဲစခန်းမှ (ပ)၁၂၇/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၂ဖြင့် အမှုဖွင့် အရေးယူထားရှိကာ လွတ်မြောက်သူ နောင်နောင်အား ဖမ်းဆီးရမိရေးဆောင်ရွက်ရှိကာ အမှုကွင်းဆက်များ ဖော်ထုတ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Ah Lin Nge
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal/
ဆိုင်ကယ်စီးလာသည့် အမျိုးသမီးထံမှ ရွှေဆွဲကြိုး ဖြုတ်ယူထွက်ပြေးသူအား ရဲတပ်ဖွဲ့နှင့် ပြည်သူ ပူးပေါင်း ဖမ်းဆီးရမိ
Reviewed by THITHTOOLWIN
on
17:44
Rating:
