မိုင်းဖုန်း ဧပြီ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ပါခုတ်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဧပြီ ၆ ရက် ညနေပိုင်းက စိတ်ကြွရူးသွပ်ဆေးပြား ၁၇ဝဝ ပြားကျော် ဖမ်းဆီးရမိကြောင်း သိရသည်။
ဧပြီ ၆ ရက်နေ့ ညနေ ၃ နာရီခန့်တွင် တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ပါခုတ်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ပူးပေါင်းဂိတ်တာဝန်ကျ မူးယစ်တပ်ဖွဲ့စု (၃ဝ)တာချီလိတ်မှ ရဲအုပ် စိုင်းနော်ဟိန်း ဦးစီးအဖွဲ့တို့သည် သက်သေများနှင့်အတူ ပူးပေါင်းဂိတ်တွင် လူနှင့် ယာဉ်ဝင်ထွက်မှုများအား စစ်ဆေးခြင်း ဆောင်ရွက်နေစဉ် တာချီလိတ်ဘက်မှ ဝမ်ပုံဘက်သို့ ယာဉ်မောင်း စိုင်းအွန်ခမ်း မောင်းနှင်လာပြီး နန်းအွေနွန်းဘေးမှ စီးနင်းလိုက်ပါလာသည့် ၄ဂ/-----နံပါတ်ပါ ဟွန်ဒါဖစ်(Honda Fit)အဖြူ ရောင် မော်တော်ယာဉ်အား မသင်္ကာသဖြင့် ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်မောင်း စိုင်းအွန်ခမ်းနှင့် နန်းအွေနွန်းတို့ နှစ်ဦးကြား ကားအတွင်း ဂီယာအုံနောက်တွင် အညိုရောင် လွယ်အိတ်အတွင်း ပိတ်စအနီဖြင့် ထုပ်လျှက် ပလပ်စတစ်အကြည် တစ်ထပ် ရှမ်းစက္ကူတစ်ထပ်ဖြင့် ပတ်ပြီး အပြာရောင် ပလပ်စတစ်ကပ်ခွာအိတ်ဖြင့် ထည့်လျှက် (WY)စာတမ်း ပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၇၁ဝ ပြားအား တွေ့ရှိသဖြင့် သက်သေများရှေ့ ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည်။
အမှုမှ မူးယစ် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ လက်ဝယ်တွေ့ရှိသူ စိုင်းအွန်ခမ်း (၁၇ နှစ်)၊ ဝိန်းလန်းရွာ၊ မိုင်းလင်း(အရှေ့)ရွာအုပ်စုနေသူနှင့် နန်းအွေနန်း (၁၅ နှစ်)၊ ဟိုခို(၃)ရွာ၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု နေသူတို့ နှစ်ဦးအား ဝမ်ပုံနယ်မြေရဲစခန်းက မယ(ပ) ၃/ ၂ဝ၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
မြင့်မိုရ်(တာချီလိတ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ပါခုတ်ပူးပေါင်း စစ်ဆေးရေးဂိတ်၌ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
Reviewed by THITHTOOLWIN
on
22:18
Rating:
