![]() |
တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် နှင့် မြန်မာနိုင်ငံသမ္မတ ဦးထင်ကျော်တို့ ဂုဏ်ပြုတပ်ဖွဲ့ အား လိုက်လံစစ်ဆေးနေစဉ် (ဆင်ဟွာ) |
မြန်မာနိုင်ငံသမ္မတ ဦးထင်ကျော်သည် အိမ်နီးချင်းတရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်စဉ် တရုတ်နိုင်ငံနှင့် နှစ်နိုင်ငံဆက်ဆံရေး ၊ ပူးပေါင်းဆောင်ရွက်ရေးတို့ တွင် ပိုမိုကောင်းမွန် အောင်တည်ဆောက်သွားရန် ကတိပြုခဲ့ပြီး၊ ၄င်းခရီးစဉ်အတွင်း ပြည်သူအချင်းချင်းကြားချိတ်ဆက်ဆောင်ရွက်မှုများကို ဆောင်ကြဉ်းပေးနိုင်ရန် အမြင့်ဆုံး မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။
ဧပြီလ ၆ ရက်က စတင်သော သမ္မတ ဦးထင်ကျော်၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း တရုတ်သတင်းဌာနများ၏မေးမြန်းချက်များအပေါ် မြန်မာသမ္မတက ဧပြီလ ၁၀ ရက်တွင် စာဖြင့် ပြန်လည်ဖြေကြားပေးခဲ့သည်။တရုတ်-မြန်မာနှစ်နိုင်ငံ အနာဂတ် ဆက်ဆံရေးသည် ချစ်ကြည်ရင်းနှီးမှုတစ်ခုတည်းကို မျှော်လင့်ထားရုံမျှမကဘဲ ကမ္ဘာကြီး နှင့်ဒေသတွင်း တည်ငြိမ်အေးချမ်းရေး ၊ ငြိမ်းချမ်းရေးကို ယူဆောင်ပေးရန်အတွက် ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်းလည်း ၄င်းကဆိုသည်။
မြန်မာနိုင်ငံ၌ အစိုးရသစ်တစ်ရပ် တက်လာပြီးနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၂ဝ၁၆ ခုနှစ် သြဂုတ်လတွင် အာဆီယံပြင်ပနိုင်ငံတစ်ခုအဖြစ် တရုတ်နိုင်ငံသို့ ဦးစွာ သွားရောက်လည်ပတ်ခဲ့သည်။ အဆိုပါခရီးစဉ်သည် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို တွန်းအားပေးရန် အောင်မြင်မှုများစွာကို ရရှိခဲ့ကြောင်း နှင့် နှစ်ဖက်စလုံးက အသိအမှတ်ပြုခံရသော ခရီးစဉ်တစ်ခု ဖြစ်ကြောင်း သိရသည်။
အန်အယ်လ်ဒီအစိုးရတက်လာပြီးမကြာမီမှာပင် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် မြန်မာနိုင်ငံသို့ ပထမဦးဆုံး ဧည့်သည်နိုင်ငံခြားရေးဝန်ကြီးတစ်ဦးအဖြစ် သွားရောက်လည်ပတ်ခဲ့ခြင်းမှာ တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးကို တရုတ်နိုင်ငံက အလေးထားမှုကို ထင်ဟတ်စေခဲ့ကြောင်း မြန်မာသမ္မတက ဆိုသည်။
စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကဏ္ဍတွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏အကြီးဆုံး ကုန်သွယ်ရေး မိတ်ဘက် နှင့် ရင်းနှီးမြှုပ်နှံသူအဖြစ် ရပ်တည်နေကြောင်းကို ၄င်းက မီးမောင်းထိုးပြောကြားခဲ့ပြီး ၊ ယင်းအနေအထားမှာ အမြဲတမ်းဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တရုတ်-မြန်မာ နှစ်နိုင်ငံပြည်သူများအနေဖြင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူ ၅ ချက်ပေါ်အခြေခံ၍ အနီးကပ် အပြန်အလှန် ဖလှယ်သွားရန် ၄င်းက ကတိပြုပြောကြားခဲ့သည်။ခေတ်သစ်ပိုးလမ်းမကြီး အကြောင်းနှင့်ပတ်သက်၍မေးမြန်းချက်အပေါ် သမ္မတဦးထင်ကျော်က မြန်မာနိုင်ငံသည် မဟာဗျူဟာ နှင့် ပထဝီဝင်အနေအထားအရ နှစ်ခုစလုံးတွင် အရှေ့ တောင်အာရှဒေသ၌ အရေးပါသော အခန်းကဏ္ဍတွင် ရပ်တည်နေကြောင်း ပြောကြားခဲ့သည်။ခေတ်သစ်ပိုးလမ်းမကြီးတွင် ပါဝင်ဆောင်ရွက်သည့် နိုင်ငံများအနေဖြင့် အကျိုးကျေးဇူးများကို ခံစားရမည်ကို ယုံကြည်ကြောင်း ၄င်းက ဆိုသည်။
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်နေသော တရုတ်နိုင်ငံအနေဖြင့် ထုတ်လုပ်ရေးကဏ္ဍများတွင် အထူးပိုမိုရင်းနှီးမြှုပ်နှံသွားရန် သမ္မတဦးထင်ကျော်က ဖိတ်ခေါ်ခဲ့သည်။ မြန်မာနိုင်ငံတွင် ၂ဝ၁၆ ခုနှစ် ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်ကို ရေးဆွဲပြဌာန်းခဲ့ပြီး ၄င်းဥပဒေအရ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများအနေဖြင့် အခွင့်အရေးတန်းတူရရှိမည်ဖြစ်ကြောင်း ၄င်းက ပြောကြားခဲ့သည်။
တရုတ်-မြန်မာနယ်စပ်တစ်လျှောက် နယ်စပ်ကုန်သွယ်ရေးစခန်း ၅ ခုကိုဖွင့်လှစ်ပြီး ကုန်သွယ်မှုများပြုလုပ်လျက်ရှိရာ နယ်စပ်ကုန်သွယ်ရေးမှာ အလွန်အရေးကြီးကြောင်း ၊ နှစ်နိုင်ငံနယ်စပ် မူဆယ်(မြန်မာ) – Ruili (တရုတ်) နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ဆောက်၍ လုပ်ကိုင်လျက်ရှိကြောင်း ၄င်းက ဆိုသည်။
စီးပွားရေးပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နှစ်ဘက်ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုကို တိုးပွားစေမှာဖြစ်ကြောင်း နှင့် နှစ်ဖက်အပြန်အလှန်အကျိုးရှိစေမည့် လူမှု-ပတ်ဝန်းကျင်ကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း ၄င်းက ဖြည့်စွက်ပြောကြားခဲ့သည်။သမ္မတဦးထင်ကျော်က ၄င်း၏ဖခင်ဖြစ်သူ ကွယ်လွန်သူ စာရေးဆရာကြီး မင်းသုဝဏ် နှင့်ပတ်သက်၍ ဆရာကြီးမင်းသုဝဏ်သည် ၁၉၆၁ ခုနှစ်က တရုတ်ကဗျာတစ်ပုဒ်ကို မြန်မာပြည်သူများ ဖတ်ရှု့ ခံစားနိုင်စေရန် ရည်ရွယ်ပြီး မြန်မာဘာသာသို့ ပြန်ဆိုခဲ့ကြောင်း ၊ ယင်းမှာ နှစ်ဘက်ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု နှင့် အပြန်အလှန်နားလည်မှုကို တိုးပွားစေကြောင်း ပြောကြားခဲ့သည်။
တရုတ်-မြန်မာနှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်ရန် အားကစား ၊ အနုပညာ ၊ ယဉ်ကျေးမှု နှင့် စာပေကဏ္ဍများတွင် ကျယ်ကျယ်ပြန့် ပြန့် နှစ်ဖက်ပို၍ အပြန်အလှန်ဖလှယ်သွားရန် မျှော်လင့်ထားကြောင်း သမ္မတဦးထင်ကျော်က ပြောသည်။မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ၏ မျှော်လင့်ချက်မည်သို့ ရှိမည်ကို မေးမြန်းချက်အပေါ် သမ္မတဦးထင်ကျော်က တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အိမ်နီးချင်းကောင်းအဖြစ် တည်ရှိနေရာ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်တွင်အပြုသဘောဆောင်သောရလဒ်ထွက်ပေါ်လာအောင် တရုတ်နိုင်ငံက ထောက်ပံ့မှု၊ကူညီမှုများပြုလုပ်ပေးလိမ့်မည်ဟု ယုံကြည်ကြောင်းပြောကြားခဲ့သည်။မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အကူအညီပေးရန် 2+2 အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ဆွေးနွေးပွဲ ၂ ကြိမ်ပြုလုပ်နိုင်ရန်အတွက် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ နှင့် ကာကွယ်ရေးဝန်ကြီးများက ပူးတွဲအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း သမ္မတဦးထင်ကျော်က ဖြေကြားခဲ့သည်။
(Xinhua)
http://www.xinhuamyanmar.com
တရုတ်နိုင်ငံနှင့် ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်အောင် တည်ဆောက်သွားရန် မြန်မာသမ္မတ ကတိပြု
Reviewed by THITHTOOLWIN
on
14:39
Rating:
