ဒီကနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၇၈ခု တန်ခူးလပြည့်ကျော် ၂ ရက် အတာသင်္ကြန်အကြိုရက် ကျရောက်တဲ့အတိုင်း အတာသင်္ကြန်ပွဲတော်မှာ ဗွီအိုအေမြန်မာပိုင်း သောတရှင်တွေ ရေလိုအေးလို ပန်းလို လန်းဆန်းကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
အလားတူဘဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ကလည်း မြန်မာနိုင်ငံသားတွေဟာ မိသားစုဝင်တွေ၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ အတူ အတာရေသဘင်ပွဲကို ဆင်နွှဲရာမှာ အမေရိကန်ပြည်ထောင်စုကိုယ်စား မြန်မာနိုင်ငံသားတွေကို ဆုမွန်ကောင်းပို့သတဲ့အကြောင်း ဧပြီလ ၁၂ ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
နှစ်ပေါင်း (၅၀)ကျော်အတွင်း ပထမဆုံးအကြိမ်ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအရပ်သားအစိုးရရဲ့ အသွင်ကူးပြောင်းရေးကာလမှာ ကုန်လွန်ခဲ့တဲ့နှစ်က မြန်မာနိုင်ငံမှာ မြင်တွေ့ခဲ့ရတဲ့ ထူးခြားလှတဲ့ အပြောင်းအလဲတွေကိုလဲ ခုလို အတာသင်္ကြန်အချိန်အခါမှာ ပြန်ပြောင်းသတိရဖို့ အကောင်းဆုံးအချိန်ဖြစ်ပါတယ်လို့လဲ နိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။
မြန်မာနိုင်ငံအနေနဲ့ သမိုင်းတင်တဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလကို ဆက်လက်ဖေါ်ဆောင်ရာမှာ မြန်မာနိုင်ငံသားတွေနဲ့အတူ လျှောက်လှမ်းနိုင်ဖို့ အမေရိကန်ပြည်ထောင်စုက မျှော်လင့်ပါတယ်။ ဒီထူးမြတ်လှတဲ့ နှစ်သစ်ကူးအခါသမယမှာ မြန်မာနိုင်ငံသားတွေအတွက် အမေရိကန်ပြည်ထောင်စုက နွေးထွေးတဲ့ ဆုတောင်းမေတ္တာပို့သတဲ့ အကြောင်းလဲ သူရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
အလားတူဘဲ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scott Marciel နဲ့ ဇနီးတို့ကလည်း မြန်မာနိုင်ငံသားတွေကို နှစ်သစ်ကူးဆုတောင်း ပို့သကြောင်း ပြောပါတယ်။
အလားတူ ရန်ကုန်မြို့မှာရှိတဲ့ ဗြိတိသျှသံအမတ်ကြီး Andrew Patrick ကလည်း မြန်မာနိုင်ငံသားတွေကို ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။
အခုနှစ်သင်္ကြန်အခါတော်မတိုင်ခင်မှာ မြန်မာအစိုးရကလည်း နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ဘ၀သစ် စတင်နိုင်ဖို့အတွက် မြန်မာနိုင်ငံ တ၀ှမ်းမှာရှိတဲ့ အကျဉ်းထောင် အကျဉ်းစခန်းအသီးသီးက စည်းကမ်းကောင်းမွန်တဲ့ အကျဉ်းသူ၊ အကျဉ်းသားစုစုပေါင်း ၂၂၈၃ ဦးကို အထူးလျော့ရက်ခံစားစေပြီး ပြန်လွှတ်ပေးလိုက်တဲ့အကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
မဟာသင်္ကြန် မြန်မာနိုင်ငံအတွက် အမေရိကန်နှစ်သစ်ဆုတောင်း
Reviewed by THITHTOOLWIN
on
08:35
Rating:
