တာချီလိတ်၌ နှစ်ရက်ဆက်တိုက် ယာဉ်တိုက်မှုဖြစ် တစ်ဦးသေဆုံး နှစ်ဦးဒဏ်ရာရ


တာချီလိတ် ဧပြီ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၌ ဧပြီ ၁၈ ရက်နှင့် ၁၉ ရက် နှစ်ရက်ဆက်တိုက် ယာဉ်တိုက်မှုဖြစ်ပွားကာ တစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ သိရသည်။

ဖြစ်စဉ်များမှာ ဧပြီ ၁၈ ရက်နေ့တွင် တာချီလိတ်-ကျိုင်းတုံသွား ကားလမ်းမပေါ်တွင် မယ်ယန်းရွာ ဘက်မှ တာချီလိတ်မြို့တွင်းဘက်သို့ ယာဉ်မောင်း ဦးမောင်မြင့် (၇၀ နှစ်)၊ အမှတ်(၅)ရပ်ကွက်၊ ကျိုင်းတုံမြို့နေသူ တစ်ဦးတည်းမောင်းနှင်လာသော  PROBOX  ခဲယောင်ယာဉ်သည် တာချီလိတ်မြို့၊ အမှတ်(၃၅၉)ခြေမြန်တပ်ရင်း နောက်ပေါက်အနီးအရောက် ရှေ့တွင် ကိုစိုးထိုက် (၃၇ နှစ်)၊ ဝမ်ကောင်းရပ်ကွက်၊ တာချီလိတ်မြို့နေသူ မောင်းနှင်နေသည့် CANDOR (၆)ဘီးအဖြူရောင် မော်တော် ယာဉ်အား ကျော်တက်ရာ ရှေ့ယာဉ်ကြောမရှင်းသဖြင့် မိမိယာဉ်ကြောသို့ ပြန်လည်ယူစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ဘေးရှိ ကျွန်းပင်အား ဝင်ရောက်တိုက်မိခဲ့ပြီး ယာဉ်မောင်း ဦးမောင်မြင့်တွင် ရင်ဘတ်အောင့်နာကျင်(စိုးရိမ်ရ)ဒဏ်ရာရရှိ၍ တာချီလိတ်ပြည့်သူ့ဆေးရုံ၌ အတွင်းလူနာအဖြစ် ဆေးကုသလျက်ရှိသည်။

အလားတူ ဧပြီ ၁၉ ရက်နေ့ နံနက် ၂ နာရီခွဲအချိန်က တာချီလိတ်မြို့၊ မြို့မအားကစားကွင်းရှေ့ လမ်းအကွေ့၊ ဗိုလ်ချုပ်လမ်းမပေါ်တွင် ပါလျှံမီးပွိုင့်လမ်းဆုံဘက်မှ အ မှတ်(၂)ချစ်ကြည်ရေးတံတားဘက်သို့ စိုင်းရီ(၃၇ နှစ်)မောင်းနှင်ပြီး နောက်တွင် မောင်နန်နွဲ့(၃၂ နှစ်)၊ ဝမ်မိုင်ရွာ၊ ဆန်းဆိုင်း(ခ)ရပ်ကွက်၊ တာချီလိတ်မြို့နေသူ လိုက်ပါစီးနင်းလာ သော CBR အနီ အဖြူရောင်ဆိုင်ကယ်သည် မြို့မအားကစားကွင်းရှေ့ လမ်းအကွေ့အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဝဲဘက်ခြမ်းသို့ တိမ်းမှောက်ခဲ့သဖြင့် ယာဉ်မောင်း စိုင်းရီတွင်မေးစေ့၊ လက်မောင်း၊ လက်ခုံ၊ ခြေခုံပွန်းဒဏ်ရာရရှိပြီး ဆိုင် ကယ်နောက်တွင် လိုက်ပါလာသော မောင်နန်နွဲ့တွင် သတိလစ်လျက်ဒဏ်ရာများရရှိပြီး ဆေးစာရေးသား၍ ဆေးရုံသို့ ပို့ဆောင်ဆေးကုသနေစဉ် သေဆုံးသွားခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်း ဦးမောင်မြင့်(၇၀ နှစ်) အမှတ်(၅)ရပ်ကွက်၊ ကျိုင်းတုံမြို့နေသူနှင့် ယာဉ်မောင်း စိုင်းရီ (၃၇ နှစ်)၊ ပုန်းထွန်ရပ်ကွက်၊ တာချီလိတ် မြို့နေသူတို့အား တာချီလိတ်မြို့မရဲစခန်းက အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

မြင့်မိုရ်(တာချီလိတ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
တာချီလိတ်၌ နှစ်ရက်ဆက်တိုက် ယာဉ်တိုက်မှုဖြစ် တစ်ဦးသေဆုံး နှစ်ဦးဒဏ်ရာရ တာချီလိတ်၌ နှစ်ရက်ဆက်တိုက် ယာဉ်တိုက်မှုဖြစ် တစ်ဦးသေဆုံး နှစ်ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 21:42 Rating: 5
Powered by Blogger.