မြိတ် ဧပြီ ၂၂
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းကျေးရွာအုပ်စု သဘော့လိပ်ကျေးရွာ ဝဏ္ဏသီရိ ဘုန်းတော်ကြီးကျောင်း၌ ဧပြီ ၂၂ ရက် နံနက် ၅ နာရီခွဲခန့်က ဒေါ်သောင်းရီ၏ အိမ်သစ်တက် အရုဏ်ဆွမ်းအလှူ လှူဒါန်းပွဲတွင် ကင်းမွန်ဟင်း၊ ပုစွန်အချဉ်၊ ကြက်သား၊ အာလူး၊ ပဲသီးသနပ်၊ ငရုတ်ကောင်းဟင်းချိုတို့ကို လှူဒါန်းကျွေးမွေးခဲ့ရာမှ ဝဏ္ဏသီရိဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော်၊ ရှင်သာမဏေ ခုနစ်ပါးနှင့် သဘော့လိပ်ကျေးရွာနေ အမျိုးသား ၁ဝ ဦး၊ အမျိုးသမီး ကိုးဦး စုစုပေါင်း ၂၇ ဦးတို့ အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ရာ ဆေးကုသရေးအဖွဲ့များ အချိန်မီလာရောက်ကုသပေးမှုကြောင့် အခြေအနေ ပြန်လည်ကောင်းမွန်လျက်ရှိကြောင်း မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ဖြစ်စဉ်မှာ တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းကျေးရွာအုပ်စု သဘော့လိပ်ကျေးရွာ ဝဏ္ဏသီရိဘုန်းတော်ကြီးကျောင်းတွင် ဧပြီ ၂၂ ရက် နံနက် ၅ နာရီခွဲခန့်က သဘော့လိပ်ကျေးရွာနေ ဒေါ်သောင်းရီက အိမ်သစ်တက် အရုဏ်ဆွမ်းအလှူပွဲတွင် ဝဏ္ဏသီရိဘုန်းတော်ကြီးကျောင်း ထိုင်ဆရာတော် ဦးတေဇောဘာသနှင့် ရှင်သာမဏေ ခုနစ်ပါးတို့အား အရုဏ်ဆွမ်းကပ်ပြီး သဘော့လိပ်ကျေးရွာနေ အမျိုးသား၊ အမျိုးသမီး ၃ဝ တို့အား ဧည့်ခံကျွေးမွေးခဲ့ရာ နံနက် ၁ဝ နာရီခန့်တွင် ဝမ်းများသွားပြီး အော့အန်မှုများ ဖြစ်ပွားခဲ့သဖြင့် တနင်္သာရီမြို့နယ် ကုသရေးဦးစီးဌာနမှ ဒေါက်တာလင်းထိုက် ဦးစီး ဆရာ ဆရာမ ၁၂ ဦး ပါဝင် သောအဖွဲ့နှင့် နယ်မြေခံတပ်ရင်းမှ ဗိုလ်မှူး ချမ်းလှိုင် ဦးစီးဆေးတပ်ဖွဲ့ဝင် ၁၁ ဦးပါဝင်သောအဖွဲ့တို့ ပူးပေါင်း၍ ဝဏ္ဏသီရိဘုန်းတော်ကြီးကျောင်းတွင် ဆေးကုသမှုများ ဆောင်ရွက်ခဲ့ရာ ရှင်သာမဏေရှင်ဆန္ဒ (၁၁) နှစ်နှင့် ဒေါ်မနွဲ့ (၆ဝ)နှစ်တို့နှစ်ဦးမှာ အနည်းငယ် မူးဝေအော့အန် လျက်ရှိပြီး(မစိုးရိမ်ရ) ကျန်လူနာများမှာ ကျန်းမာရေးအခြေအနေ ကောင်းမွန်သွားပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ အစာအဆိပ်သင့်မှုဖြစ်ပွားရာ ဝဏ္ဏသီရိ ဘုန်းတော်ကြီးကျောင်းသို့ တနင်္သာရီမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေ(ခ)ဖိုးလပြည့်၊ တနင်္သာရီမြို့နယ် ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး တင်အောင် ဦးစီးတပ်ဖွဲ့ဝင်များ၊ တနင်္သာရီ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် ဦးစီးမှူး ဦးလွမ်းမိုးအောင်တို့အဖွဲ့မှ သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို ကူညီဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြင့်ဦး(မြိတ်)
The Mirror Daily
https://www.facebook.com/TheMirrorDaily
တနင်္သာရီမြို့နယ် သဘော့လိပ်ကျေးရွာတွင် အိမ်သစ်တက်အလှူပွဲ၌ အစာအဆိပ်သင့်မှု ဖြစ်ပွား
Reviewed by THITHTOOLWIN
on
06:52
Rating:
