ကြက်သွန်အဌားနှုတ်သည့် မိန်းကလေးအား သတ်၍ ရွှေဆွဲကြိုးယူဆောင် ထွက်ပြေးမှုဖြစ်ပွား


ပေါက် ဧပြီ ၁၉

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်တွင် ကြက်သွန်အဌားနှုတ်သည့် မိန်းကလေးအားသတ်၍ ဆွဲကြိုးယူဆောင်သွားခဲ့မှု ဧပြီ(၁၉)ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း ပေါက်မြို့မရဲစခန်းမှသိရသည်။

 ဖြစ်စဉ်မှာ ပေါက်မြို့၊ အောင်တံခွန်ရပ်ကွက်နေ ဦးခင်မောင်ဝင်းသည် ဧပြီ(၁၉)ရက်နေ့ နံနက်(၇)နာရီအချိန်က ပေါက်မြို့နယ်၊ ကျောချောင်းဘေးရှိ ကြက်သွန်ခင်းသို့ ကြက်သွန်အဌားနှုတ်ရန် လိုက်သွားခဲ့သည့် ၎င်း၏သမီးဖြစ်သူ မဇင်မာဦး၊ ၃၀နှစ်ထံ ထမင်းသွားရောက်ပို့ပေးခဲ့ပြီး နေအိမ်သို့ပြန်လာခဲ့ကြောင်း၊ ထိုနောက် ညနေ(၄)နာရီအချိန်ခန့်တွင် မဇင်မာဦးအား ဦးသိန်းတန်၊ မြောက်ဘက်ကျေးရွာ၊ ပေါက်မြို့နယ်နေသူ၏ မြေပဲခင်းစောင့် တဲရှေ့အဖီအောက်တွင် ဝမ်းလျားမှောက်အနေအထားဖြင့် လဲနေ၍ ခေါ်မရကြောင်း တစ်ရပ်ကွက်တည်းနေ မနှင်းနုနွယ် မှ လာရောက်ပြောပြသဖြင့် သွားရောက်ကြည့်ရှုခဲ့သည်။

မဇင်မာဦးအား လည်ပင်းယာဘက်ဘေးတွင် အရှည်(၁) လက်မခွဲခန့်၊ အနက်(၃)လက်မခန့် ထိုးသွင်းဒဏ်ရာ(၁)ချက်၊ လည်ပင်းဝဲဘက်ဘေးတွင် အရှည်(၃)လက်မခန့် အနက်(၂) လက်မခန့် ထိုးသွင်းဒဏ်ရာ(၂)ချက်၊ ဝမ်းဗိုက်ယာဘက်ဘေးတွင် အရှည်(၂)လက်မခန့်၊ အနက်(၁)လက်မခန့် ထိုးသွင်း ဒဏ်ရာ(၁)ချက်တို့ဖြင့် လဲကျသေဆုံးနေသည်ကိုတွေ့ရှိခဲ့ပါသည်။

 ၎င်း ဝတ်ဆင်ထားသော နားကပ်၊ ဆွဲကြိုး၊ လက်ကောက်တို့ အနက် (၅)မူးသားခန့်ရှိသောရွှေဆွဲကြိုး(၁)ကုံးမှာ ပျောက်ဆုံးနေပြီး မဇင်မာဦး၏အနီးပတ်ဝန်းကျင်တွင် လုံးထွေးသတ်ပုတ် ထားသည့် အနေအထားများနှင့် သွေးများပေကျံနေသော တံစဉ်း(၁)ချောင်းအားတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း တရားလို၏ တိုင်ကြားချက်အရသိရသည်။

 ဖြစ်စဉ်နှင့်ပက်သက်၍ သမီးဖြစ်သူအားသတ်၍ ဆွဲကြိုးယူဆောင်သွားသူအား စုံစမ်းဖော်ထုတ် အရေးယူပေးရန် ဦးခင်မောင်ဝင်းက တရားလိုပြုတိုင်ကြားခဲ့၍ ပေါက်မြို့နယ်၊ မြို့မရဲစခန်းမှ (ပ)၆၉/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၃၉၂ ဖြင့်အမှုဖွင့်ထားကြောင်းသိရသည်။

ကျော်ဇေယျ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ကြက်သွန်အဌားနှုတ်သည့် မိန်းကလေးအား သတ်၍ ရွှေဆွဲကြိုးယူဆောင် ထွက်ပြေးမှုဖြစ်ပွား ကြက်သွန်အဌားနှုတ်သည့် မိန်းကလေးအား သတ်၍ ရွှေဆွဲကြိုးယူဆောင် ထွက်ပြေးမှုဖြစ်ပွား Reviewed by THITHTOOLWIN on 22:11 Rating: 5
Powered by Blogger.