ဦးကိုနီလူသတ်မှုတွင် ကြည်လင်းအား ခရိုင်တရားရုံးတွင် ရုံးထုတ်သော်လည်း တရားလိုပြသက်သေ ခွင့်တင်ထားသောကြောင့် မေ ၁၂ ရက်သို့ ပြန်ချိန်း


ရန်ကုန် ဧပြီ ၂၈

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီအား သေနတ်ဖြင့် ပစ်ခတ်ခဲ့သူ ကြည်လင်းအား အင်းစိန်ခရိုင်တရားရုံးတွင် ဧပြီ ၂၈ ရက် နံနက် ၁၀ နာရီကျော်က ရုံးထုတ်စစ်ဆေးရာ (ယာပုံ) လိုပြသက်သေ နာရေးကိစ္စရှိ၍ ခွင့်တင်သည့်အတွက် ယနေ့ အမှုမစစ်နိုင်ဘဲ ရုံးချိန်အား မေ ၁၂ ရက်သို့ ချိန်းဆိုခဲ့ ကြောင်း သိရသည်။

“ဒီနေ့ လိုပြသက်သေဖြစ်တဲ့ ဦးမြင့်ဇော်ကို စစ်ဖို့ပါ။ ဒါပေမယ့် သက်သေက နာရေးကိစ္စရှိလို့ဆိုပြီး ခွင့်တင်တဲ့ အတွက် ဒီနေ့မစစ်နိုင်ဘူး။ ရုံးချိန်းကို မေ ၁၂ ရက် နှစ်ပတ်ချိန်းပေးလိုက်တယ်။ ဒီနေ့စစ်ဖို့ချိန်းတဲ့ လိုပြသက်သေက လက်နက်အမှုနဲ့ စစ်ဖို့ ချိန်းထားတဲ့သူပါ။ တိုင်းတရားလွှတ်တော်မှာ ပြင်ဆင်မှု တက်ထားတဲ့ အမှုရှိတယ်။

အဲ့ဒီ အမှုကလည်း ရုံးချိန်းရှိတယ်လို့ အမှုလိုက်ဥပဒေအရာရှိက တင်ပြထားတယ်။ ဒီသက်သေတွေကို စစ်မယ်ဆိုရင်လည်း လိုအပ်တဲ့စာရွက်စာတမ်းအထောက်အထား တွေက တိုင်းတရားလွှတ်တော်မှာ ပေးပို့ထားတဲ့ လူသတ်မှုမှာပေါ့နော်၊ ပူးတွဲပါဝင်တဲ့ အဓိကစာရွက်စာတမ်းတွေက တိုင်းတရားလွှတ်တော်ရောက်နေလို့ ဒီအမှုတွဲတွေနဲ့ တိုက်ဆိုင်ပြီး မေးတာမြန်းတာ ပြည့်ပြည့်စုံစုံစစ်ဆေးနိုင်ဖို့အတွက် ဒီအမှုတွဲ ရောက် နိုင်တဲ့ရက်ကို မှန်းပြီးတော့ ချိန်းလိုက်တာပါ။ အဲဒီနေ့ လက်နက်မှုကိုလည်း စစ်ဖို့ ချိန်းတယ်။ တိုင်းတရားလွှတ်တော်က ပြင်ဆင်မှုမှာ အမိန့်ချပြီးရင် အဲဒီအမိန့်က ခုံရုံး အဖွဲ့ကို အမှုတွဲပြန်ပြီးပေးပို့လာလို့ ရှိရင်အမှုတွဲရောက်လာရင် ဆက်ပြီးစစ်ဆေးသွား မှာပါ။ တိုင်းတရားလွှတ်တော်က ပြင်ဆင်မှု တက်ထားတဲ့အမှုက အမိန့်ချလိမ့်မယ်” ဟု အင်းစိန် ဒုတိယခရိုင်တရားသူကြီး ဦးခင်မောင်မြင့်(တရားရေး)က မီဒီယာများ ကို ပြောသည်။

ယနေ့ ရန်ကုန်တိုင်းတရားလွှတ်တော်တွင် ဦးကိုနီအမှုနှင့်ပတ်သက်၍ ပြင်ဆင်မှု တက်ထားပြီး အင်းစိန်ခရိုင်တရားရုံးတွင်လည်း လိုပြသက်သေ ခွင့်တင်ထားသောကြောင့် ရုံးချိန်း နှစ်ပတ်ချိန်းပေးခြင်းဖြစ်ကြောင်း သိရသည်။

“ဒီနေ့ချိန်းထားတဲ့ သက်သေက နာရေးတစ်ခုရှိလို့ ခွင့်တင်ထားလို့ သက်သေ တစ်ယောက်ပဲ ဆင့်ထားတာမလာနိုင်လို့ ရုံးချိန်း နှစ်ပတ်ပေးတယ်။ နှစ်ပတ်ပေးရတာက လက်နက်မှုက ရှစ်ယောက်ရှိတယ်။ လက်နက်မှုမှာပါတဲ့ ပစ္စည်းသိမ်းထားတဲ့ ရှာဖွေ ပုံစံက လူသတ်မှုက တွဲပြီးယူလာတာ။ မူရင်းပုံစံမဟုတ်တော့ သက်သေခံသွင်းရခက် တယ်လေ။ မူရင်းပုံစံတွေက မူလအမှုကြီးဖြစ်တဲ့ လူသတ်မှုက ပါသွားတာ။ လူသတ်မှု အမှုတွဲမှာပါတဲ့ ရှာဖွေပုံစံလို့ပြောတဲ့ ပစ္စည်းသိမ်းတဲ့ ပုံစံ။ အဲ့ဒီပစ္စည်းသိမ်းတဲ့ပုံစံနဲ့ ဒီဘက်မှာကျတော့ ကျွန်တော်တို့က ဘာခေါ်မလဲ မိတ္တူတွဲထားရတာကိုး။ အဲ့ဒီတော့ မိတ္တူဆိုတော့ သက်သေခံသွင်းလို့မရဘူး။ မူရင်းနဲ့တိုက်ဆိုင်ပြီးမှ လုပ်ထုံးလုပ်နည်းအရ သက်သေခံသွင်းရမှာကိုး။ မူရင်းအမှုတွဲက လူသတ်မှုထဲမှာ ပါနေတယ်။ လူသတ်မှု အမှုတွဲကြီးက တိုင်းတရားလွှတ်တော်မှာ တစ်ဖက်က၀ရမ်းကိစ္စနဲ့ ပတ်သက်ပြီး တက်သွားလို့ ဒီနေ့ကြားနာတယ်။ အမှုတွဲက ကြားနာပြီးရင် အမိန့်ချမယ်။ အမိန့်ချပြီးရင် ဒီကို ပြန်ပို့မယ်။ ဒီအမှုတွဲရောက်လာမှသာ အမှုက ဆက်စစ်လို့ရမှာပါ။ မရောက်သေး ရင်တော့ ရုံးချိန်းယူရမှာပါ။ ဒီနေ့ရုံးချိန်း နှစ်ပတ်ချိန်းလိုက်တယ်” ဟု ဦးအောင်ဝင်းဇော် နှင့် ဦးအောင်ဝင်းထွန်းတို့၏ အကျိုးဆောင်ရှေ့နေဖြစ်သော ဦးအောင်ခိုင်က အင်းစိန် ခရိုင်တရားရုံးတွင် ပြောသည်။

သတင်း-သန်းထိုက်(လှိုင်သာယာ)၊ ဓာတ်ပုံ-မျိုးမင်းသိန်း
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ဦးကိုနီလူသတ်မှုတွင် ကြည်လင်းအား ခရိုင်တရားရုံးတွင် ရုံးထုတ်သော်လည်း တရားလိုပြသက်သေ ခွင့်တင်ထားသောကြောင့် မေ ၁၂ ရက်သို့ ပြန်ချိန်း ဦးကိုနီလူသတ်မှုတွင် ကြည်လင်းအား ခရိုင်တရားရုံးတွင် ရုံးထုတ်သော်လည်း တရားလိုပြသက်သေ ခွင့်တင်ထားသောကြောင့် မေ ၁၂ ရက်သို့ ပြန်ချိန်း Reviewed by THITHTOOLWIN on 11:28 Rating: 5
Powered by Blogger.