မြို့ဝင်ဂိတ်တွေမှာ ဆိုင်ကယ်ဘီးခွန်ကောက်ခံမှု မကွေးတိုင်းအတွင်း ရပ်ဆိုင်း

( မြို့ဝင်ဘီးခွန် ကောက်ခံနေတဲ့ ဂိတ်တစ်ခုကို တွေ့ရစဉ် )Photo: Nay Thwae/RFA
မကွေးတိုင်းဒေသကြီးအတွင်း မြို့ဝင်ကြေးကောက်ခံတဲ့ ဂိတ်တွေမှာ ဆိုင်ကယ်ဘီးခွန်ကောက်ခံတာကို တိုင်းဒေသကြီးအစိုးရ ညွှန်ကြားချက်နဲ့ ဒီနေ့ကစပြီး ရပ်ဆိုင်းလိုက်ပါတယ်။

မြို့ဝင်ဂိတ်တွေမှာ ဆိုင်ကယ်ဘီးခွန်ကောက်တဲ့အခါ ဆိုင်ကယ်စီးတဲ့သူတွေနဲ့ ဘီးခွန်ကောက်တဲ့သူတွေအကြား ပြဿနာဖြစ်ရတာကြောင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေက တိုင်းဒေသကြီးအစိုးရအဖွဲ့ကို လက်မှတ်ရေးထိုးပြီး တင်ပြခဲ့တာလို့ ကံမမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်က ပြောပါတယ်။

"ဒီနေ့ကစပြီးလေ မကွေးတစ်တိုင်းလုံးပေါ့။ မြို့တိုင်းမှာ ဒီဆိုင်ကယ်ကောက်တဲ့ဟာတွေက ပြဿနာလေးတွေရှိတယ်ဗျ။ မပြေလည်တာတွေပေါ့။ ဒါသူတို့ကောက်တဲ့သူဘက်ကလည်း ပေးတဲ့သူဘက်က တချို့မပေးဘဲ သွားချင်သွားတာ ရှိချင်ရှိမှာပေါ့ဗျာ။ နောက် အဲ့လိုမပေးချင်တဲ့ ကန့်လန့်တိုက်တဲ့ ပုဂ္ဂိုလ်တွေကျ တောင်းလို့ရအောင်ဆိုပြီး ဂိတ်တွေမှာကျတော့လည်း ဆက်ဆံရေး သိပ်မပြေလည်တဲ့ ပုဂ္ဂိုလ်တွေကို ထားထားပြီး ကောက်ကြတာပေါ့လေ။ မြို့နယ်တိုင်းမှာ ဆိုင်ကယ်သမားတွေနဲ့ ဝါးတားဂိတ်နဲ့ ပိုက်ဆံတောင်းတဲ့သူတွေနဲ့ ပြဿနာဖြစ်တယ်ဗျ၊ ဒါကို ကျွန်တော်တို့က ပြဿနာမဖြစ်အောင် အစိုးရကိုတင်တာပါ။ ကိုယ်စားလှယ်တွေကလေ။ "

နေ့စဉ်သွားလာနေတဲ့ ဆိုင်ကယ်တွေကို ဘီးခွန်ကောက်ယူတဲ့စနစ်ကနေ သက်ဆိုင်ရာမြို့နယ် စည်ပင်သာယာရေးဌာနတွေမှာ တစ်နှစ်စာအတွက် ဘီးခွန်အနေနဲ့ ဆိုင်ကယ်တစ်စီးကို ငွေကျပ် ၂၀၀၀ ကောက်ခံသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ဆိုင်ကယ်အတွက်သာ ဘီးခွန်ကောက်ခံတာ ရပ်နားတာဖြစ်ပြီး တခြားယာဉ်တွေအတွက်ကတော့ သတ်မှတ်ထားတဲ့ နှုန်းထားအတိုင်း ဆက်လက်ကောက်ယူခွင့်ပြုသွားမှာဖြစ်ပါတယ်။

မကွေးတိုင်းအတွင်း မြို့နယ်အသီးသီးမှာ မြို့ဝင်ကြေး ဘီးခွန်ကောက်ခံတဲ့လုပ်ငန်းကို ပုဂ္ဂလိကလုပ်ငန်းရှင်တွေထံ လေလံစနစ်နဲ့ စည်ပင်က လုပ်ပိုင်ခွင့်ပေးနေတာဖြစ်ပြီး ဆိုင်ကယ်တစ်စီးကို ငွေကျပ် ၁၀၀၊ ခြောက်ဘီးယာဉ်တစ်စီးကို ၄၀၀ ကျပ်၊ ရှစ်ဘီးယာဉ်တစ်စီးကို ၆၀၀ ကျပ်၊ နှစ်တန်အောက်လေးဘီးယာဉ်တစ်စီးကို ၂၀၀ နဲ့ ၁၀ ဘီးယာဉ်တစ်စီးကို ၈၀၀ကျပ်၊ ၁၂ ဘီးယာဉ်တစ်စီးကို တစ်ထောင်ကျပ်ဆိုပြီး ကောက်ခံနေတာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
မြို့ဝင်ဂိတ်တွေမှာ ဆိုင်ကယ်ဘီးခွန်ကောက်ခံမှု မကွေးတိုင်းအတွင်း ရပ်ဆိုင်း မြို့ဝင်ဂိတ်တွေမှာ ဆိုင်ကယ်ဘီးခွန်ကောက်ခံမှု မကွေးတိုင်းအတွင်း ရပ်ဆိုင်း Reviewed by THITHTOOLWIN on 17:01 Rating: 5
Powered by Blogger.