အမ်းမြို့နယ်မှ ဘုရားဖူး မော်တော်ဘုတ် မေလွမ်းရွာအနီး နစ်မြုပ်မှုကြောင့် ၇ ဦး သေဆုံးပြီး၊ ၁ ဦး ပျောက်ဆုံးနေ


မင်းပြား (April 13, 2017)

ရခိုင်ပြည်၊ အမ်းမြို့နယ်၊ ကံဘွေကျေးရွာမှ မြောက်ဦးမြို့သို့ ဘုရားဖူးရန် ထွက်ခွါလာခဲ့သည့် ဘုရားဖူးခရီးသည် ၆၀ ဦးခန့် တင်ဆောင်လာသော မော်တော်ဘုတ်သည် ယနေ့ (13.4.2017) နံနက် (၃) နာရီ အချိန်ခန့်က မင်းပြားမြို့နယ် ၊ မေလွမ်းကျေးရွာအုပ်စု၊ တောင်ပုက္ကေကျေးရွာအနီး၌ ငါးဖမ်းပိုက်နှင့်ငြိကာ နစ်မြုပ်ခဲ့သည်ဟု သတင်းရရှိသည်။

အဆိုပါ မော်တော်ဘုတ်နစ်မြုပ်မှုကြောင့် ကျား(၁)ဦး၊ မ(၆)ဦး၊ သေဆုံးကာ မ(၁)ဦးမှာ ပျောက်ဆုံးနေကြောင်း မင်းပြားမြို့မရဲစခန်းမှ သိရှိရသည်။



သေဆုံးသူများမှာ အမ်းမြို့နယ်၊ ကံဘွေကျေးရွာမှ မသက်လင်းသွယ် (၆-နှစ်) (ဘ)ဦးအောင်လင်း၊ မဇင်မာဖြိုး (၇-နှစ်) (ဘ)ဦးငွေစိန်အောင် ၊ မဖြူဖြူထွေး (၁၀-နှစ်) (ဘ)ဦးမောင်စံအေး၊ မတင်ကြည် (၂၃-နှစ်) (ဘ)ဦးဘချမ်းဖြူ၊ မသဇင်ရွှေ (၅-နှစ်) (ဘ)ဦးရွှေတင်အောင်၊ မောင်ကျော်နိုင်ဝင်း (၇-နှစ်) (ဘ)ဦးစိန်ဝင်းမောင်၊ မြေပုံမြို့နယ် ရေခေါင်းချိန်ကျေးရွာမှ မစနေမ (၁၀-နှစ်) (ဘ)ဦးမောင်ကြိုင်အေး တို့၏ ရုပ်အလောင်းများကို ရှာတွေ့ပြီး ရေခါင်းချိန်ကျေးရွာမှ မဖြိုးမေ (၁၇-နှစ်) (ဘ)ဦးစံရွှေမောင် မှာ ပျောက်ဆုံးလျှက် ရှိပြီး ရေနစ်မှုကြောင့် မင်းပြားမြို့ ပြည်သူ့ဆေးရုံ၌ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေသူ (၈) ဦးနှင့် ပြင်ပလူနာအဖြစ် (၁၄)ဦး ရှိကြောင်း သိရှိရသည်။


အဆိုပါ မော်တော်ဘုတ် နစ်မြုပ်ကာ သေဆုံးမှုများကြောင့် မော်တော်ဘုတ် မှောင်းနှင်သူ ကံဘွေရွာမှ ဦးကျော်သောင်းခင် (၄၆-နှစ်) မှာ ထွက်ပြေးရှောင်တိမ်းလျှက်ရှိရာ သူ့အား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၀/ ၃၃၇/ ၃၃၈/ ၃၀၄ (က)၊ ပ/၆၅ (၂၀၁၇) ဖြင့် မင်းပြားမြို့နယ် မြို့မရဲစခန်းမှ အမှုဖွင့်ထားပြီး ဖမ်းဆီးနိုင်ရေးအတွက် ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။

ရေနစ်မြုပ်သေဆုံးခဲ့သူများ၏ ရုပ်အလောင်းများအား ပြန်လည်ရှာဖွေနိုင်ရေးအတွက် မင်းပြားမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ရွာသားအချို့က ပါဝင်ကူညီခဲ့ပြီး အချိန်မီ သဂြိုလ်နိုင်ရေးအတွက် မင်းပြားမြို့နယ် နာရေးကူညီမှုအသင်း မှ ကူညီဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။

သေဆုံးခဲ့သူများ၏ ကျန်ရစ်သူ မိသားစုဝင်များအား နာရေးကူညီမှုအဖြစ် ရခိုင်ပြည်အစိုးရအဖွဲ့မှ သေဆုံးသူတစ်ဦးလျှင် ငွေကျပ် ၅ သိန်းစီနှင့် ဒဏ်ရာရသူတစ်ဦးလျှင် ငွေကျပ် ၅ သောင်းစီကိုလည်းကောင်း၊ ရခိုင်ပြည် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ သေဆုံးသူတစ်ဦးလျှင် ငွေကျပ် ၃ သိန်းစီကိုလည်းကောင်း၊ သေဆုံးသွားသည့် ကျောင်းသား/သူများအတွက် မင်းပြားမြို့နယ် ပညာရေးဌာနမှ ငွေကျပ် (၁) သိန်းကိုလည်းကောင်း
ကူညီထောက်ပံ့ခဲ့ကြောင်း သိရသည်။

အဆိုပါ ရေနစ်မြုပ် သေဆုံးသူများအတွက် ကူညီပေးနိုင်စေရန် မင်းပြားမြို့၊ မြို့ရောနယ်ပါဓမ္မာရုံ၌ ယာယီအလှူခံဌာနဖွင့်လှစ်ကာ အလှူခံလျှက်ရှိကြောင်း သိရသည်။

မင်းပြား - သတင်း
13 . 04 . 2017
မင်းပြား - သတင်း
https://www.facebook.com/mongbranews/
အမ်းမြို့နယ်မှ ဘုရားဖူး မော်တော်ဘုတ် မေလွမ်းရွာအနီး နစ်မြုပ်မှုကြောင့် ၇ ဦး သေဆုံးပြီး၊ ၁ ဦး ပျောက်ဆုံးနေ အမ်းမြို့နယ်မှ ဘုရားဖူး မော်တော်ဘုတ် မေလွမ်းရွာအနီး နစ်မြုပ်မှုကြောင့် ၇ ဦး သေဆုံးပြီး၊ ၁ ဦး ပျောက်ဆုံးနေ Reviewed by THITHTOOLWIN on 15:39 Rating: 5
Powered by Blogger.