သြစတြေးလျမှာ အမေရိကန် ဒေါ်လာ ၆၈၀ မီလျံ တန်ကြေးရှိ မူးယစ်ဆေး စံချိန်တင်ဖမ်းမိ


သြစတြေးလျ ရဲတပ်ဖွဲ့ဟာ နိုင်ငံသမိုင်းမှာ အကြီးမားဆုံး ပမာဏနဲ့ စိတ်ကြွရူးသွပ်ဆေး မက်သာဖက်တမင်းတွေ ဖမ်းမိတယ်လို့ အရာရှိတွေက ပြောပါတယ်။

အိုက်စ် (ice) လို့ ခေါ်ကြတဲ့ ပေါင် ၁,၉၉၀ (၉၀၃ ကီလိုဂရမ်) အလေးချိန် ရှိ မူးယစ်ဆေးတွေဟာ လမ်းပေါ် ဈေးကွက် တန်ကြေး သြစတြေးလျန်ဒေါ်လာ ၈၉၈ မီလျံ (အမေရိကန် ဒေါ်လာ ၆၈၀ မီလျံ / ပေါင် ၅၄၆ မီလျံ) ရှိတယ်လို့ တရားရေးဝန်ကြီး မိုက်ကယ်ကီနင်က ဆိုပါတယ်။


တရားမဝင် ဆေးဝါးတွေကို မဲလ်ဘုန်းမြို့ ကုန်လှောင်ရုံတခုက ကြမ်းခင်း သစ်သား သေတ္တာ အလုံး ၇၀ ထဲမှာ ဝှက်ထားတာကို ရှာဖွေဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တာလို့ သြစတြေလျပြည်ထောင်စုရဲတပ်ဖွဲ့က ပြောပါတယ်။

အခု ဖမ်းဆီးရရှိမှု အတွက် ဝန်ကြီးချုပ် မဲလ်ကွမ်တန်းဘူးလ်က ရဲအဖွဲ့ရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးပြီး မူးယစ်မှောင်ခိုတွေကို သေမင်းကုန်သည်တွေလို့ ခေါ်ဆိုခဲ့ပါတယ်။

ဒီအမှုအတွက် မဲလ်ဘုန်းမြို့က အသက် ၅၃ နှစ် နဲ့ အသက် ၃၆ အရွယ် အမျိုးသား နှစ်ယောက်ကို ရဲက ဖမ်းဆီးထားပြီး အခြား နောက်ဆက်တွဲ သံသယတရားခံတွေကိုလည်း ရှာဖွေနေပါတယ်။

၂၀၁၅ ခုနှစ်ကတည်းက သြစတြေးလျမှာ မက်သာဖက်တမင်း ဆေးဝါးရောင်းဝယ်ဖောက်ကားမှု နှိမ်နှင်ရေး နိုင်ငံတော်အဆင့် အထူးတပ်ဖွဲ့ ဖွဲ့စည်းထားပြီး ကြီးထွားလာနေတဲ့ အဲဒီဆေးသုံးစွဲမှုကို ထိန်းချုပ်နေခဲ့တာပါ။ အဲဒီ စိတ်ကြွဆေးဟာ နိုင်ငံအတွင်းမှာ အသုံးပြုဆုံး တရားမဝင် မူးယစ်ဆေးလည်း ဖြစ်နေပါတယ်။

ဘီဘီစီမြန်မာပိုင်း
BBC Burmese
https://www.facebook.com/bbcburmese/

သြစတြေးလျမှာ အမေရိကန် ဒေါ်လာ ၆၈၀ မီလျံ တန်ကြေးရှိ မူးယစ်ဆေး စံချိန်တင်ဖမ်းမိ သြစတြေးလျမှာ အမေရိကန် ဒေါ်လာ ၆၈၀ မီလျံ တန်ကြေးရှိ မူးယစ်ဆေး စံချိန်တင်ဖမ်းမိ Reviewed by THITHTOOLWIN on 16:27 Rating: 5
Powered by Blogger.