နျူကလီးယားစစ်ပွဲအတွက် မြောက်ကိုရီးယား အဆင်သင့် ဖြစ်နေပြီလို့ ဆို


အမေရိကန်အနေနဲ့ ဒေသတွင်းမှာ ရန်လိုတဲ့ အပြုအမူတွေ မပြုလုပ်ဖို့ မြောက်ကိုရီးယားက သတိပေးလိုက်ပါတယ်။ မြောက်ကိုရီးယားဟာ နျူကလီးယားစစ်ပွဲ ဆင်နွှဲဖို့ အတွက် အဆင်သင့်ပဲလို့လည်း ဆိုပါတယ်။

စစ်ပွဲကို စစ်ပွဲနဲ့ တုံ့ပြန်မယ်၊ နျူကလီးယားနဲ့ တိုက်ခိုက်လာရင် နျူကလီးယားနဲ့ ပြန်တိုက်မယ် ဆိုပြီး မြောက်ကိုရီးယားမှာ ဒုတိယ အာဏာအရှိဆုံးလို့ ယုံကြည်ထားကြတဲ့ ချွန်ယောင်ဟေးက ဆိုခဲ့တာပါ။

လက်ရှိ ခေါင်းဆောင် ကင်ဂျုံအန်းရဲ့ အဘိုး ဖြစ်တဲ့ မြောက်ကိုရီးယား နိုင်ငံကို တည်ထောင်ခဲ့သူ ကင်အီဆွန်းရဲ့ ၁၀၅ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် အခမ်းအနားတွေ လုပ်နေချိန်မှာ ဒီလို မှတ်ချက်စကားတွေ ထွက်လာခဲ့တာပါ။


ကင်ဂျုံအန်းက နျူကလီးယား စမ်းသပ်မှု အသစ်တခု ပြုလုပ်ဖို့ အမိန့်ပေးနိုင်တယ် ဆိုတဲ့ ခန့်မှန်းပြောဆိုချက်တွေ ထွက်ပေါ်နေတဲ့ ကြားမှာပဲ ပြုံးယမ်းမြို့တော်မှာ ကြီးကျယ်တဲ့ စစ်ရေးပြ အခမ်းအနားတခုလည်း ပြုလုပ်ခဲ့ပါတယ်။

ဒီပွဲမှာ အသစ်လို့ ယူဆရတဲ့ တိုက်ချင်းပစ် ဒုံးပျံတွေ၊ ရေငုပ်သင်္ဘောကနေ ဝေဟင်ထဲ ပစ်လွှတ်နိုင်တဲ့ ပဲ့ထိန်း ဒုံးကျည်တွေလည်း တွေ့မြင်ရပါတယ်။

အမေရိကန်က ကိုရီးယားကျွန်းဆွယ်ကို လေယာဉ်တင် စစ်သင်္ဘောအုပ်စု စေလွှတ် အပြီး နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာနေချိန် မှာ မြောက်ကိုရီးယားက အခုလို သူ့ရဲ့ စစ်အင်အားကို ထုတ်ဖော် ပြသတာလည်း ဖြစ်ပါတယ်။

ဒေသတွင်းက ကမ္ဘာ့အင်အားကြီးနိုင်ငံလည်း ဖြစ်၊ မြောက်ကိုရီးယားရဲ့ မဟာမိတ်လည်း ဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီကတော့ ပဋိပက္ခ စစ်ပွဲတွေ အချိန်မရွေး ဖြစ်လာနိုင်တယ်၊ တကယ်လို့ စစ်ဖြစ်လာခဲ့ရင် ဘယ်နိုင်ငံ အတွက်မှ အကျိုးမရှိဘူး ဆိုပြီး သောကြာနေ့က ထုတ်ဖော် ပြောကြားထားပါတယ်။

ဘီဘီစီမြန်မာပိုင်း
BBC Burmese
https://www.facebook.com/bbcburmese/

နျူကလီးယားစစ်ပွဲအတွက် မြောက်ကိုရီးယား အဆင်သင့် ဖြစ်နေပြီလို့ ဆို နျူကလီးယားစစ်ပွဲအတွက် မြောက်ကိုရီးယား အဆင်သင့် ဖြစ်နေပြီလို့ ဆို Reviewed by THITHTOOLWIN on 18:21 Rating: 5
Powered by Blogger.