ဆီးရီးယားလေတပ်စခန်း ဗုံးကြဲခံရမှု ရုရှား ရှုတ်ချ

ဆီးရီးယား သမ္မတက အပြစ်မဲ့ အရပ်သားတွေအပေါ် ဓာတုလက်နက်နဲ့ တိုက်ခိုက်မှုကို ပြုလုပ်ရာမှာ သုံးခဲ့တဲ့ လေတပ်စခန်းကို ဒီဒုံးကျည်တွေက ပစ်ခတ်ခဲ့တာလို့ ထရမ့်ပြော
အမေရိကန်က ဆီးရီးယား လေတပ်စခန်းတခုကို ထိပ်ဖူးတပ် ဒုံးကျည်တွေနဲ့ ပစ်ခတ်တာဟာ အချုပ်အချာ အာဏာပိုင် တနိုင်ငံကို ကျူးကျော်စော်ကားတာပဲလို့ ရုရှားဘက်က ရှုတ်ချလိုက်ပါတယ်။

အခုလို ဒုံးကျည် ၅၉ စင်းနဲ့ ပစ်ခတ်တာဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်တာ ဖြစ်ပြီး ရုရှားနဲ့ မကောင်းလှတဲ့ ဆက်ဆံရေးကို ပိုဆိုးအောင် လုပ်တာပဲလို့ ရုရှားသမ္မတ ပူတင်ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် မစ္စတာ ဒီမီထရီ ပက်စကော့ဗ်ကလည်း ပြောဆိုလိုက်ပါတယ်။

အခုလို ဟွန်းမ်စ်မြို့နားမှာရှိတဲ့ လေတပ်စခန်းကို တိုက်ခိုက်တာဟာ ဗြောင်ကျကျ စော်ကားတာပဲလို့လည်း ဆီးရီးယား အစိုးရက ပြောဆိုခဲ့ပေမယ့် နောက်ထပ် စစ်ရေး ဖြစ်စဉ် ထပ်ဖြစ်မယ်လို့ မထင်ကြောင်း ဆီးရီးယားပြန်ကြားရေး ဝန်ကြီးက ပြောဆိုထားပါတယ်။

အခုလို တိုက်ခိုက်မှုကို အီရန်ကလည်း ရှုတ်ချခဲ့ပေမယ့် ဆီးရီးယားသူပုန် ညွန့်ပေါင်းအဖွဲ့နဲ့ ဆော်ဒီအားရေးဗီးယားနိုင်ငံတို့ကတော့ ဒီတိုက်ခိုက်မှုကို ကြိုဆိုခဲ့ကြပါတယ်။

 မြေထဲပင်လယ် အရှေ့ပိုင်းရှိ အမေရိကန်ရေတပ် ဖျက်သင်္ဘောတွေကနေ ဆီးရီးယားက လေတပ်စခန်း တခုကို တိုးမားဟော့ခ် အမျိုးအစား တိုက်ခိုက်ရေး ဒုံးပျံ ၅၉ စင်း ပစ်လွှတ်ခဲ့
ဆီးရီးယား သမ္မတက အပြစ်မဲ့ အရပ်သားတွေအပေါ် ဓာတုလက်နက်နဲ့ တိုက်ခိုက်မှုကို ပြုလုပ်ရာမှာ သုံးခဲ့တဲ့ လေတပ်စခန်းကို ဒီဒုံးကျည်တွေက ပစ်ခတ်ခဲ့တာ ဖြစ်ပြီး ဓါတုလက်နက်တွေ အသုံးပြုမှုကို တားဆီးရေးဟာ အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေး အကျိုးစီးပွားအတွက် အရေးကြီးတဲ့အတွက် အခုလို လုပ်ခဲ့တာလို့ အမေရိကန် သမ္မတ ထရမ့်က ပြောဆိုထားပါတယ်။

အခုလို ပစ်ခတ်မှုကို မြေထဲပင်လယ်ထဲမှာရှိတဲ့ အမေရိကန် သင်္ဘောနှစ်စင်းက ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အခုလို ပစ်ခတ်မှုကြောင့် လူခြောက်ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရသွားတယ်လို့ ရုပ်မြင်သံကြားကတဆင့် ဆီးရီးယား စစ်တပ်က ကြေညာထားပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ အခုလို ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ကြေညာချက်ကို တရုတ်သမ္မတ ရှီကျင်းပင်နဲ့ ညစာစားအပြီးမှာ ပြုလုပ်ခဲ့
အခုလို တိုက်ခိုက်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး ရုရှားဘက်က အတည်ပြုချက် မရယူခဲ့ပေမယ့် ရုရှားအစိုးရကို အသိပေးပြီးမှ ပြုလုပ်ခဲ့တယ်လို့ အမေရိကန် ပင်တဂွန် စစ်ဋ္ဌာနချုပ်က ထုတ်ပြန်ထားပါတယ်။

ဒီအဖြစ်အပျက်အပြီးမှာ ဆီးရီးယားနိုင်ငံအတွင်း လေကြောင်းဖြစ်စဉ် ကာကွယ်ရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ သဘောတူထားတာကို ခေတ္တ ရပ်ဆိုင်းလိုက်ကြောင်းကိုလည်း ရုရှားဘက်က ကြေညာခဲ့ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ အခုလို ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ကြေညာချက်ကို တရုတ်သမ္မတ ရှီကျင်းပင်နဲ့ အမေရိကန် နိုင်ငံ ဖလော်ရီဒါ ပြည်နယ်မှာရှိတဲ့ မာရာလာဂို စံအိမ်ကြီးမှာ ညစာစားအပြီးမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
ဆီးရီးယားလေတပ်စခန်း ဗုံးကြဲခံရမှု ရုရှား ရှုတ်ချ ဆီးရီးယားလေတပ်စခန်း ဗုံးကြဲခံရမှု ရုရှား ရှုတ်ချ Reviewed by THITHTOOLWIN on 17:22 Rating: 5
Powered by Blogger.